26.7 C
Yangon

ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်၊ စစ်တပ် မီးရှို့မှုကြောင့် ကြံ့ဖွတ် အမတ်ဟောင်း ပျူစောထီးနိုင်ဦးနေအိမ်ပါပြာကျ

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်သွားကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာသော အင်အား ၂ဝဝ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုဂေါဇွန်းရွာကို ရောက်ရှိလာပြီး ရွာသားများကိုဖမ်းဆီးခြင်း၊ လူနေအိမ်များအားဖျက်ဆီးခြင်း၊ ရွှေငွေနှင့်လက်ဝတ်ရတနာများအားယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပုဂေါဇွန်းရွာကို ဝင်ရောက်စီးနင်းပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ဝက်ချောင်းရွာမှ တဆင့်ခမောင်းချောင်းရွာသို့ ရောက်ရှိလာပြီး လူနေအိမ်များနှင့်စျေးဆိုင်များကို ဖျက်ဆီး၍ စျေးဆိုင်အတွင်းရှိပစ္စည်းများကို ထပ်မံ ယူဆောင်သွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧကနိရွာအနီးသို့ ရောက်ရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာကာ လူနေအိမ် ၁၀ လုံးကို မီးရှို့ကာ နေအိမ်တချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း များပြားကြောင်း၊ တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သား မသာအလောင်းများကို နေအိမ်များ အတွင်းထည့်ကာ မီးရှို့ဖျောက်ဖျက်ခဲ့ပြီး မီးလောင်ကျွမ်းခြင်းမရှိသော စစ်သား မသာအလောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မီးရှို့သင်္ဂြိုလ်ပေးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးပြာကျခဲ့ပြီး ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး နိုင်ဦး ၏နေအိမ်အပါအဝင် ကြံ့ဖွတ်အမာခံများ၏ နေအိမ် ၅ လုံးလည်းပြာကျခဲ့ကြောင်း သိရသည်။

“အခုက ပွင့်လင်းရာသီထဲရောက်ပြီဆိုတော့ နေရာတိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ ရန်သူ့ စကမ စစ်ကြောင်းတွေလည်း မြို့နယ်တိုင်းမှာ လှည့်ပတ်သွားလာနေတယ်။ တွေ့တဲ့လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးသွားတာတွေကြုံနေရတယ်။ အဲဒီတော့ခွေးတွေ စစ်ကြောင်း၀င်လာရင်မတွေ့အောင်နေကြဖို့ အရေးကြီးတယ်။ နောက်တစ်ချက်က ထား၀ယ်ခရိုင်ထဲမှာလေကြောင်းကနေတိုက်ပွဲမရှိဘဲ ရွာတွေထဲကို အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေရှိလာတယ် ဆိုတော့ လေယာဉ်ကိုလည်း သတိထားဖို့ အကြံပြုတိုက်တွန်းပါတယ်။ လေကြောင်းအန္တရာယ်ရှိလာလိမ့်မယ်။ အဓိကက ဒီကောင်တွေကအကြမ်းဖက်ပြီပြီ အရပ်သား ပြည်သူရှိတဲ့နေရာတွေကိုပဲ ကျဲတာဖြစ်လို့ ‌မြို့နယ်တိုင်းသတိပြုဖို့လိုတယ်။ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုမယ်။ ဥပမာအရေးကြီးပစ္စည်းအထုပ်ပိုးသေချာထုပ်ထားတာမျိုး ဗုံးခိုကျင်းတွေတူးထားကြတာမျိုး လုပ်ထားသင့်တယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ရဲဘော် ၃ ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article