မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသော တိုက်နယ် အဆင့်ရှိ ငါန်းမြားကြီးရွာမှ ပြည်သူပိုင် ပစ္စည်းအားလုံးကို အကြမ်းဖက် စစ်တပ်က စိတ်ကြိုက်ယူဆောင်ပြီး ရောင်းစားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ်က စတင်ပြီး တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသော ငါန်းမြားကြီးရွာကို အကြမ်းဖက် စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူ ရောင်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခိုးရာပါ ပစ္စည်းများကို ဆုံရွာမှ ပျူစောထီး ခေါင်းဆောင် စန်းမောင်း က ပြန်လည် ဝယ်ယူပြီး ငါန်းဇွန်းမြို့နယ်အတွင်း လိုက်လံ ရောင်းချနေကြောင်း သိရှိရသည်။
ထိုသို့ ငါန်းမြားကြီးရွာတွင် ပြည်သူများနေထိုင်ခြင်းမရှိကြောင်းကို ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တံတားဦးခရိုင်မှူး များက အထက်လူကြီးများထံ လိမ်လည်ပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်နေကြောင်း တင်ပြထားသည်ဟု သိရသည်။
“ငါန်းမြားကြီးရွာမှာ ပြည်သူတွေ စစ်ဘေးရှောင်နေရတာ နှစ်နဲ့ချီနေပြီကို ပြည်သူတွေရှိပါတယ်ဆိုပြီး စစ်ခွေး လက်အောက်ခံ ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ တံတားဦးခရိုင်မှူးတို့က အထက်ကို လိမ်လည်ပြောဆိုနေပါတယ်။ ပြီးတော့ ငါန်းမြားကြီးမှာရှိတဲ့ ပြည်သူ့နေအိမ်တွေမှာ ကျန်ရှိခဲ့တဲ့ စစ်ရှောင်တွေရဲ့ ပစ္စည်းတွေကိုလည်း စစ်ခွေးတွေက စိတ်ကြိုက်ယူဆောင်ပြီး ရောင်းစားနေတယ်။ ငါန်းမြားကြီးရွာလည်း တစ်ရွာလုံးတောဖြစ်နေပါပြီ အိမ်တွေထဲက ပစ္စည်းတွေလည်း ဘာမှကို မရှိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ငါန်းမြာကြီးရွာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ယင်းနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြန်လည် ဆုတ်ခွာပေးလိုက်ရပြီး ကျေးရွာနေ ပြည်သူများလည်း လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





























