27.7 C
Yangon

မိုင်းငေါ့၊ ဆားလင်းကြီးနှင့်ပုလောမြို့တို့တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၀၅ မိနစ်အချိန် မိုင်းငေါ့မြို မန်လုံရပ်ကွက် ရဲစခန်းရှေ့သို့ စစ်တပ်က လေ ယာဉ် ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး၊ စျေးရပ်ကွက်တွင် ရော့ကတ် ဗုံး ၂ လုံး၊ တာလုံရပ်ကွက် ရော့ကဒ် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၅၀ နှစ်အရွယ်ရှိ ဒေါ်လှရီ၊ အသက် ၅၆ နှစ်အရွယ် ဦးရွှေဟုန်း ထိမှန်သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၈ နှစ် အရွယ်ရှိ မထွေးထွေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတင်မောင်အေးတို့ ထိမှန်ဒဏ်ရာရရှိပြီး ပြည်သူလူထုနေအိမ် ၈ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသွားတာက လင်မယား ၂ ဦးလို့ သိရပါတယ်။ အခုတော့ မိုင်းငေါ့မှာလည်း ပြည်သူတွေ စစ်ရှောင်နေကြပြီ” ဟု TNLA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာတွင်လည်း ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ စစ်တပ်က တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သဖြင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ်က ဆားလင်းကြီးမြို့နယ်တွင် ဂျက်ဖိုက်တာအပါဝင် ဂျိုင်ရိုကော်ပတာ(Gyrocopter)များဖြင့်ပါ ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများမှာ တံတာဦးလေတပ်နှင့် မုံရွာ မြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော ဂျက်ဖိုက်တာအပါဝင် ဂျိုင်ရိုကော်ပတာ(Gyrocopter)များဖြစ်ကြောင်း သိရှိရသည်။

“ကျားတက်ရွာထိပ် ဆီဆိုင်ကို ဗုံးကျဲချလို့ အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။ ၁ ဦးဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသော နေရာတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသော ကျေးရွာတစ်ခုလည်းဖြစ်သည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းပြင်ရွာတွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာထဲ၌ တပ်စွဲထားပြီး နေအိမ်များကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ပုလောမြို့နယ်၊ မင်းပြင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြားမီးလောင်ပြာကျထားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ကျေးရွာနေပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများဝင်ရောက်လာသည့် စက်တင်ဘာလ ပိုင်းမှ စတင်ပြီး လက်ရှိချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မင်းပြင်ရွာမှာက စစ်ခွေးတွေ တပ်စွဲထားပြီး ရွာထဲကနေအိမ်တွေကို ဆက်တိုက်ကိုမီးရှို့နေတာပါ။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတုန်း ဒေသပြည်သူတွေက တိုက်ပွဲတွေ စဖြစ်တဲ့ စက်တင်ဘာလပိုင်းတည်းက တိမ်းရှောင်နေရတာ အခုထိ ပြေးနေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article