“ပညာရေးအတွက် သားသမီးချင်း၊ ကျောင်းသားချင်းစာနာတတ်ကြဖို့လိုပြီး ကျနော်တို့နိုင်ငံကို ဒုက္ခရောက်အောင်မလုပ်ကြပါနဲ့”လို့ မင်းအောင်လှိုင် ဆိုပြန်
ရန်ကုန်၊ အောက်တိုဘာ ၁၅
အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ ငြိမ်းချမ်းရေးရရှိရေး ဖြစ်နိုင်တာတွေသာ ပြောဖို့လိုပြီး မဖြစ်နိုင်တာတွေ မပြောကြပါနဲ့ လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်အခမ်းအနားမှာ မင်းအောင်လှိုင်က အဲဒီလို ပြောဆိုတာဖြစ်ပါတယ်။
သူ့အနေနဲ့ ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း သဘောတူညီထားကြောင်း၊ လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်လာနိုင်အောင် PR စနစ်ကို အသုံးပြုထားကြောင်း၊ နိုင်ငံရေး ပြဿနာတွေကို လက်နက်ကိုင်ပြီးတော့ ဖြေရှင်းလို့မရဘဲ ဆွေးနွေးအဖြေရှာရမှာဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ ပြောရင် ပိုကောင်းကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ကလည်း ဖြစ်နိုင်တောကို ပြောဖို့လိုပါတယ်။ မဖြစ်နိုင်တာတွေ မပြောကြပါနဲ့။ လွှတ်တော်ထဲမှာ ပြောရင် ပိုကောင်းတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
နိုင်ငံမှာ အခုလို ပြဿနာတွေ ကြုံနေရတာက ပညာရေးကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေက မကောင်းမွန်ကြောင်း၊ ပညာရေးကို သူ့အနေနဲ့ ဦးစားပေးပြီး သားသမီးချင်း၊ ကျောင်းသားချင်း စာနာတတ်ကြဖို့ လိုကြောင်း၊ ကျောက်မဲကို ပြန်လည် ထိန်းချုပ်ပြီးနောက် ပညာရေးကို ဦးစားပေး အနေဖြင့် ကျောင်းတွေ ချက်ချင်း ဖွင့်ခိုင်းခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။
တကယ်တော့ မင်းအောင်လှိုင်က တစ်နိုင်ငံလုံး စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်နေတာကြောင့် ကျောင်းသားကျောင်းသူတွေ၊ ကလေးငယ်တွေ သေဆုံးပြီး ကျောင်းတွေ အကြီးအကျယ် ပျက်စီးနေတာကိုတော့ ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။
သူက နိဂုံးချုပ် ပြောဆိုရာမှာ “ကျနော်တို့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြပါနဲ့ ” လို့ ပြောဆိုပြီး အဆုံးသတ်ပါတယ်။ မင်းအောင်လှိုင်က ဒီနေ့ အခမ်းအနားမှာ ရေးလာတဲ့ စာရွက်ထဲက အကြောင်းအရာတွေ ဖတ်ပြပြီးတဲ့နောက် သူ့အနေနဲ့ နောက်ထပ် ၁၀ မိနစ်လောက် ပြောပါရစေဆိုပြီး သူ့အမြင်တွေကို ပြောဆိုသွားတာလည်းဖြစ်ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
