32 C
Yangon

မြန်မာနိုင်ငံ ယခုအခြေအနေ ရောက်ရှိရခြင်းမှာ စစ်တပ်၏ အကြိမ်ကြိမ် ညှိနှိုင်းမှုကို လက်မခံဘဲ အတင်းလွှတ်တော်ခေါ်သည့် NLD ကြောင့်ဟု ကြံ့ဖွတ်ခင်ရီ အပြစ်တင်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိနေရခြင်းမှာ စစ်တပ်၏ အကြိမ်ကြိမ် ညှိနှိုင်းမှုကို လက်မခံဘဲ အတင်းလွှတ်တော်ခေါ်ရန် ကြိုးပမ်းခဲ့သည့် NLD ကြောင့်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက အပြစ်တင်ပြောဆိုလိုက်သည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် လာရောက်ခိုလှုံ့နေသော ကြံ့ဖွတ်ပါတီအဆက်အနွယ် စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီမှုများ ပေးသည့် အခမ်းအနားတွင် ခင်ရီက ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

စစ်ဘေးရှောင်ရသည့်အကြောင်းအရင်းကို သေချာစွာ ပြန်စဉ်းစားကြည့်လျှင် ၂၀၂၀​ ရွေးကောက်မတိုင်မီကာလ နိုင်ငံတစ်ဝန်း အလွန်အေးချမ်းခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်တပ်၏ အကြိမ်ကြိမ် ညှိနှိုင်းမှုကို လက်မခံခဲ့ဘဲ လွှတ်တော်ကို ဇွတ်ခေါ်ယူရန် ကြိုးပမ်းသည့် အာဏာရှိအဖွဲ့အစည်း၏ လုပ်ရပ်ကြောင့် ယခုကဲ့သို့ အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ကြံ့ဖွတ် ခင်ရီက ဆိုသည်။

ကြံ့ဖွတ်ခင်ရီက NLD ဟု တိုက်ရိုက် အမည်မတပ်သော်လည်း တရားခံမှာ ယင်းအချိန်က အာဏာရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟုဆိုကာ NLD ၏ ဇွတ်အတင်းလုပ်မှုကြောင့် ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ပြန်စဉ်းစားကြည့်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ။ ရွေးကောက်ပွဲမတိုင်မီ အချိန်တုန်းက အေးအေးချမ်းချမ်းပဲ။ သွားချင်တဲ့နေရာကို သွားလို့မရဘူးလား၊ အလှူအတန်းတွေ လုပ်လို့မရဘူးလား။ ကလေး​တွေ ကျောင်းပျော်ပျော်ရွှင်ရွှင်တက်လို့ရတယ်။ ကျန်တဲ့ အသက်အန္တရာယ်ဆိုတာ မရှိသလောက်ပါပဲ။ အေးအေးချမ်းချမ်းနဲ့ ကျနော်တို့နိုင်ငံကြီးက ဒီလို နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့တဲ့အခြေအနေရှိတယ်။ သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲကာလမှာ အဲဒီတော့ ဒီနေရာမှာ တာဝန်ရှိတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ ပြန်လည် စစ်ဆေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုပါတယ်။ သို့သော်လည်း အဲဒီအချိန်တုန်းက အာဏာရှိနေတဲ့အဖွဲ့အစည်းက လက်မခံခဲ့ကြဘဲ အတင်းအဓမ္မ လွှတ်တော်ခေါ်ဖို့ လွှတ်တော်ဖွဲ့ဖို့လုပ်တယ်။ လွှတ်တော်ဖွဲ့ပြီဆိုရင် အစိုးရ သက်တမ်းတစ်ခု ထပ်စရတော့မှာပေါ့။ ပြည်သူရဲ့ အသည်းကြားက မဲတစ်ပြားဆိုတာကလည်း အဓိပ္ပာယ်မရှိတော့ဘူးပေါ့။ အကြိမ်ကြိမ်ညှိသော်လည်း အတင်းလုပ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်ရတာပါ။ တရားခံဘယ်သူလဲလို့ မေးရင် အဲဒီတုန်းက ရှိခဲ့တဲ့ အဖွဲ့အစည်းရဲ့ အတင်းအဓမ္မ ဆောင်ရွက်ချက်ကြောင့်လို့ ပြောရမှာပဲ” ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

ယင်းအပြင် NLD တချို့မှာ ပြည်ပသို့ ထွက်ခွာသွားပြီး မြေပေါ်တွင်လည်း လက်နက်ကိုင် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် တိုင်းပြည်လက်ရှိ အခြေအနေမှာ NLD ကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု ခင်ရီက ဆိုပြန်သည်။

” အဖွဲ့အစည်းဝင်တွေ တချို့တွေ ပြည်ပကို ထွ့က်သွားတယ်။ မြေပေါ်မှာ လက်နက်ကိုင် သောင်းကျန်းသူတွေ ပေါ်လာတယ်။ ကျနော်ပြောသလို တိတ် ဆိတ်အေးချမ်းတဲ့ ကျနော်တို့ နယ်မြေလေးက အကြမ်းဖက် လူတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်လာတယ်။ သူတို့ကြောင့် ပေါ်ရတာ။ ကျနော်တို့ ပါတီဝင်တွေ ထောင်ကျော် အသတ်ခံရတယ်။ ရုံးတွေ မြောက်မြားစွာ မီးရှို့ခံရတယ်” ဟု ခင်ရီက ပြောဆိုသည်။

မင်းအောင်လှိုင်ကလည်း နိုင်ငံ လက်ရှိအခြေအနေ ရောက်ရှိရခြင်းမှာ NLD ပါတီကြောင့်ဟု မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုနေချိန် ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီကလည်း ယင်းကဲ့သို့ အမြင်သဘောတူညီစွာဖြင့် NLD ပါတီကို အပြစ်ဖို့လာခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး NLD ပါတီက အပြတ်အသတ်မဲအနိုင်ရရှိချိန်တွင်လည်း စစ်တပ်က ကြားဝင်ရန် နှင့် အာဏာသိမ်း ရန် ကြံ့ဖွတ်ပါတီက ဦးဆောင်၍ ၎င်း၏​ နောက်လိုက်များနှင့်အတူ ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article