29 C
Yangon

ရှမ်းပြည်လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအတွက် အရေးကြီးသော တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာ အပြောင်းအလဲဖြစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ဒေသများ တည်ငြိမ်ရေးအတွက် စစ်ရေးအရ အရေးကြီးသော စစ်ဌာနချုပ်ဖြစ်သည့် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နေရာ အပြောင်းအလဲဖြစ်ပေါ်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ယခုအောက်တိုဘာလနှောင်းပိုင်းတွင် ယင်းကဲ့သို့ တိုင်းမှူးနေရာအပြောင်းအလဲဖြစ်ပေါ်ခြင်းဖြစ်ပြီး တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်မှာ အရန်အင်အား ထည့်သွင်းခံရခြင်းလား၊ ရာထူးတစ်ဆင့်တိုးသည်လားဆိုသော အခြေအနေကို မသိရှိရသေးကြောင်း၊ လတ်တလော တိုင်းမှူး အသစ် မည်သူ့ကို ခန့်အပ်မည်ကို မသိရှိရသေးသော်လည်း လားရှိုးတိုက်ပွဲအတွင်း MNDAA ထံတွင် လက်နက်ချ အညံ့ခံ ဖမ်းဆီး ခံခဲ့ရသော ဗိုလ်မှူးချုပ် သန့်ထင်စိုးဖြစ်နိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

“တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်ကတော့ လက်ရှိ တသခ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တော့ မဟုတ်တော့ဘူး။ သူ့နေရာကို ရောက်မယ့်သူတော့ မကြားသေးဘူး။ ဗိုလ်ချုပ်စိုးလှိုင်က ပြုတ်တာလား အရန်အင်အားကို ခဏပို့ထားတာလားဆိုတာတော့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ သူကစထမှူး တစ်နေရာများ ဖြစ်မလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနေရာ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဖြစ်မလား အဲဒါတော့ တစ်ချက် စောင့်ကြည့်နေရတုန်းပဲ။ လက်ရှိမှာ သူ့နေရာ အစားထိုးခန့်မယ့်သူ မရောက်သေးဘူး။ ဒါပေမယ့် တပ်မတော်နဲ့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံက ဗိုလ်မှူးချုပ် သန့်ထင်စိုးကတော့ တြိဂံတိုင်း တိုင်းမှူးက သူဖြစ်မယ်ဆိုပြီးတော့ သူတို့ အပတ်စဉ်တွေကို လိုက်ကြွားနေတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်သည် ကျိုင်းတုံမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်ပြီး အဓိက တာဝန်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ရသော တိုင်းစစ်ဌာနချုပ်တစ်ခုလည်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူး ကြီး အဆင့် စစ်အရာရှိကြီးများကို အပြောင်းအလဲများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ စစ်တပ်အတွင်း သွေးသစ် လောင်း နေရာပေးမှုများရှိနေသကဲ့သို့ အငြိမ်းစားစစ်အရာရှိများကိုလည်း ကြံ့ဖွတ်ပါတီသို့ ပို့ဆောင်ကာ လွှတ်တော် အမတ်လောင်းများအဖြစ် ဝင်ရောက် အရွေးချယ်ခိုင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article