တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ထားဝယ်ခီးကျေးရွာအုပ်စု၊ အင့်သင့်ထာအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့်ဗုံးကျဲပြီး ပွိုင့်-၅ ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အလုပ်လုပ်ကိုင်နေသော အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာ နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရင် အထူးကြိုးပန်းလျှက်ရှိပြီး လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာ ဒေသများအတွင်းရှိ ပြည်သူများကို အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
အလားတူ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆင်ပေါင်ဝဲမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာ ၃ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ဆင်ပေါင်ဝဲမြို့နယ် ရှေ့ခြမ်းက ရွာ ၃ ရွာကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပစ်ခတ်တာ ဖြစ်ပါတယ်။ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီးတော့ နွား ၁ ကောင် သေဆုံးတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





