ရန်ကုန်၊ နိုဝင်ဘာ ၁၉
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၁၄၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေကြေးပေးနိုင်ခြင်းမရှိသူများကို စစ်သင်တန်းကျောင်းပို့ဆောင်လိုက်ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း စလင်းမြို့ပေါ် ကျောင်းကြားရပ်ကွက်တွင် အိမ်ငှားနေသည့် လူငယ် ၂ ဦးက စလင်းဈေးတွင် ဈေးဝယ်ထွက်လာစဉ် လမ်းပေါ်တွင်ပင် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် စလင်းမြို့ မြို့မစျေးအနောက်ပိုင်းတွင် မုန့်ပို့လာသည့် ကားတွင် လိုက်ပါလာသော လူငယ် ၁ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရုံးပင်ကန်ကျေးရွာမှ လူငယ် ၃ ဦးသည် ငါးဖမ်းရန်သွားရောက်စဉ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကာ စလင်းမြို့ ခမရ ၂၅၄ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် တဲကုန်းကျေးရွာမှ လူငယ် ၂ ဦးမှာလည်း ဆိုင်ကယ်ဖြင့် စလင်းမြို့သို့သွားရောက်စဉ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် မိုးဝင်းကျေးရွာမှ လူငယ် ၁ ဦးသည် မန္တလေးမြို့ မှ စိန်တံခွန် အဝေးပြေးကားဖြင့် စလင်းမြို့ဘက်သို့ ပြန်လာစဉ် စစ်တပ်က ကားပေါ်မှ ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း ကန်ချောက်ကျေးရွာမှ လူငယ် ၁ ဦးမှာလည်း မန္တလေးမှ စလင်းမြို့သို့ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က လမ်းပိုင်းတစ်နေရာ၌ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၁၀ ဦးထဲမှ လူငယ် ၁ ဦးကိုသာ မိသားစုက ငွေကျပ် သိန်း ၁၄၀ ဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့ပြီး ကျန်သူများသည် ငွေကြေးပေးဆောင်နိုင်ခြင်းမရှိသောကြောင့် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“စစ်ခွေးတွေက သူတို့ ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ လူငယ် ၁၀ ဦးကို စစ်သင်တန်းကျောင်းကို ပို့လိုက်ပြီ။ ရမည်းသင်း စစ်သင်တန်းကျောင်းကို ပို့လိုက်တာ။ အဲ ၁၀ ဦးထဲက ၁ ဦးကိုပဲ ငွေကြေးနဲ့ ပြန်ရွေးထုတ်နိုင်တယ်။ ကျန်တဲ့သူတွေကိုတော့ စစ်သင်တန်းကျောင်း ပို့လိုက်တယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ မင်းလှမြို့နယ်၊ မုက္ခာရွာတွင် နေထိုင်သော လူငယ် ကိုမြင့်နိုင်နှင့် ညောင်သုံးပင်ရွာတွင် နေထိုင်သော လူငယ် ၅ ဦးကို စစ်တပ်က ရွာထိပ်များတွင် စောင့်ကြို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်းရာချီ တောင်းခံခဲ့ကြောင်း သိရသည်။
“မင်းလှမြို့နယ်ထဲမှာ စစ်ခွေးတွေက ရွာတွေကို ဝင်ဖမ်းရင် လူငယ်တွေ ထွက်ပြေးလို့ ရွာထိပ်တွေမှာ စောင့်ပြီးဖမ်းတာတွေ လုပ်ဆောင်လာတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က မုက္ခာရွာနဲ့ ညောင်သုံးပင်ရွာမှ စစ်ခွေးတွေက လူငယ်တွေကို စောင့်ကြို ဖမ်းဆီးတာ လူငယ် ၆ ဦးဖမ်းဆီးခံရတယ်လို့ သိရတယ်။ သူတို့ ငွေနဲ့ လိုက်ရွေးထုတ်နေတယ်။ လွတ်မြောက်လာတယ်လို့တော့ မကြားမိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခုနိုဝင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၉ ကို စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




