29 C
Yangon

NLD အစိုးရ၏ မဲစာရင်းများ မှားယွင်းနေသည်ဟု ပထမဆုံး လိမ်လည်ခဲ့သော သောင်းအေးက ကြံ့ဖွတ်အမတ်လောင်းများ သာမန်မဟုတ်ဟု ကြွေးကြော်၊ ကြံ့ဖွတ်အမတ်လောင်းများတွင် စစ်အရာရှိဟောင်း၊ မဘသ၊ အစွန်းရောက်အမျိုးသားရေးသမား အပါအဝင် သဘောထားတင်းမာသူ အများစု ပါဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော NLD အစိုးရ၏ မဲစာရင်းများ မှားယွင်းနေသည်ဟု ပထမဆုံး လိမ်လည်တင်ပြခဲ့သော ကြံ့ဖွတ်ပါတီမှ သောင်းအေးက ၂၀၂၅ ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွတ်အမတ်လောင်းများမှာ သာမန်မဟုတ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ မဲဆွယ်စည်းရုံးပွဲတွင် ကြွေးကြော်ပြောဆိုသည်။

ကြံ့ဖွတ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် သာမန်မဟုတ်ဘဲ လွှတ်တော်များအတွက် စံထားရွေးချယ်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သံသယ ရှိရန် မလိုဘဲ မဲပေးကြရန် သောင်းအေးက မဲဆွယ်စည်းရုံးပွဲတွင် ထုတ်ပြောလာသည်။

“ ကတိကဝတ်လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ ဖော်နိုင်တဲ့လူတွေကိုပဲ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးထားတယ်လို့ ကျနော်တို့ ပြောချင်တာ။ ဒီကိုယ်စားလှယ်တွေဟာ သာမန်မဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အကုန်လုံးမှာ အဲ့ဒီလို စံထားပြီးတော့ ရွေးထားတာဖြစ်တယ်လို့ အသိပေးချင်တယ်။ ဒီကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်နိုင်တယ်။ သံသယရှိစရာ မလိုဘူး” ဟုကြံ့ဖွတ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သောင်းအေက ဆိုသည်။

ကြံ့ဖွတ်ပါတီက သတ်မှတ်ပြဌာန်းထားသည့် ကတိကဝတ် လုပ်ငန်းစဉ်များကို လုပ်နိုင်ရန် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် သက် ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် ပညာရှင်များကို အဆင့်ဆင့် ရွေးချယ်စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နိုင်ရန် အရည်အချင်းရှိ သူများဖြစ်ကြော်ငး သောင်းအေးက ဆိုသည်။

ကြံ့ဖွတ်ပါတီမှ သောင်းအေးက ထိုသို့ ပြောဆိုသော်လည်း လက်တွေ့တွင် ကြံ့ဖွတ်ပါတီကိုယ်စားလှယ်လောင်းများတွင် စစ်ဘက်အရာရှိဟောင်းများ၊ စစ်တပ်အသိုင်းအ၀ိုင်းနယ်မှ စစ်တပ်နှင့်ဆက်စပ်နေနေသူများ၊ မဘသများ၊ အမျိုးသားရေး အမည်တပ် ကိုယ်ကျိုးသမားများ ပါဝင်နေကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအရ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီကဲ့သို့ သဘောထား တင်းမာသူအများစုမှာ အမတ်လောင်း အဖြစ် ကြံ့ဖွတ်ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်နေကြကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက စိစစ်ချက်အရ ကြံ့ဖွတ်ပါတီအမတ်လောင်းများတွင် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အေးပိုင်ကဲ့သို့ သော အစွန်းရောက် မဘသများ၊ ဒလမြို့နယ်မှ ဝင်ပြိုင်သည့် မဘသနှင့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုများ၏ ဘဏ္ဍာထိန်း စစ်ထောက်လှမ်းရေးဟောင်း သန့်စင်ကျော်၊ ဘူးလက်လှဆွေ၊ မင်းကင်းမောင်မြင့်၊ စစ်တပ်နှင့်မဟာမိတ် စီးပွားရေးသမားတချို့ ပါဝင်သည်ကို စိစစ်တွေ့ရှိရသည်။

အထူးသဖြင့် ကြံ့ဖွတ်ပါတီဘက်မှ ရွေးကောက်ပွဲဝင်မည့်သူများနှင့် ဦးဆောင်သူများတွင် နိုင်ငံရေးအရ တစ်ဖက်ကို တစ်ဖက်က အပြတ်ရှင်းရမည်ဆိုသော နိုင်ငံရေးရပ်တည်ချက် သဘောထားရှိသူများက ဦးဆောင်နေသည် ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိသည်။

ကြံ့ဖွတ်ပါတီမှ သောင်းအေးသည် အလွန်သဘောထားတင်းမာသော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ စစ်တပ်ကို ခေါ်ယူကာ ညတွင်းချင်း စစ်ဆေးခဲ့သူဖြစ်သည်။

၎င်းရှုံးနိမ့်ခဲ့သော ပျော်ဘွယ်မဲစာရင်းများကို တရားမဝင်စစ်ဆေးခဲ့ပြီး မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ လိမ်လည်တင်ပြခဲ့သည်။

သောင်းအေးသည် ပျော်ဘွယ် မဲစာရင်းများ မှားယွင်းနေသည်ဟုဆိုပြီး နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးနှင့်ပူးပေါင်း၍ မဲစာရင်းများကို သန်းချီ မှားယွင်းသည်ဟူ၍ လုပ်ဇတ်ခင်းခဲ့သည်။ မင်းအောင်လှိုင်ကို စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့သူများတွင် သောင်းအေးက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သောင်းအေးသည် သန်းရွှေလက်ထက် ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သူလည်းဖြစ်ကြောင်း၊ သောင်းအေးမှာ စစ် တက္ကသိုလ် အပတ်စဉ် ၂၀ ကို ၁၉၇၄ ခုနှစ်တွင် စတင်တက်ခဲ့ကာ ၁၉၇၉ ခုနှစ်တွင် ပြန်တန်းဝင်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရသည်။ စစ်တပ်တွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်ကြောင်း၊ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article