စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ပြီး လေယာဉ်ဖြင့် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်း စိုင်နိုင်ကွေ့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပုဏ္ဏားရွာသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ထိုသို့ စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီးနောက် ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးက နံနက် ၉ နာရီ ၅၇ မိနစ်ခန့်မှ စတင်ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ထိ လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“စိုင်နိုင်ကွေ့က ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ပုဏ္ဏားရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့သွားတာ အဲစစ်ခွေးစစ်ကြောင်း မီးရှို့ပြီး သိပ်မကြာဘူး။ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာတွေက ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွာတွေကို ဗုံးကျဲသွားတာ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတယ်။ ပြည်သူတွေက တကွဲတပြားနဲ့ ပြေးနေရတော့ ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဗောဓိကုန်း ဓမ္မာရိပ်သာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စေတီများ ထိခိုက်ပျက်စီးသွားကြောင်း ဂန့်ဂေါခရိုင်၊ အမှတ် ၁၀ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ထီးလင်းမြို့နယ်၊ ဗောဓိကုန်း ဓမ္မာရိပ်သာ အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ စေတီများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နွား ၂ ကောင်တော့ ထိထားပါတယ်။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲတာ သီလရှင် ရိပ်သာပါ။ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်သွားတာပါ။ သီလရှင်တွေ ထိခိုက်ဒဏ်ရာတာမျိုးမရှိပါဘူး။ စေတီတွေပဲ ပျက်စီးသွားပါတယ်။ ပြည်သူတွေ သတိထား သွားလာကြဖို့ ပြောချင်ပါတယ်”ဟု ဂန့်ဂေါခရိုင်၊ အမှတ် ၁၀ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







