ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်ကျားဖြန့် မြို့သစ်မှ အထပ်မြင့် အဆောက်အအုံတစ်ခုကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ရွှေကုက္ကိုလ်ကျားဖြန့်မြို့သစ်အတွင်းမှ အထပ်မြင့် အဆောက်အအုံကို မြန်မာစစ်တပ်၊ BGF နှင့်ရဲများက မိုင်းခွဲ ဖြိုချလိုက်ကြောင်း သိရှိရသည်။
” အထပ်မြင့်အဆောက်အအုံကို စစ်တပ်၊ BGF နဲ့ ရဲတွေက မိုင်းခွဲ ဖြိုချလိုက်တယ်။ ဒီဘက်အထိကို ဖုန်မှုန့်တွေ အလုံးလိုက် တက်လာတယ်။ ရွှေကုက္ကိုလ်ထဲမှာ ပထမဆုံး မိုင်းခွဲ ဖြိုချတာ မြင်ရတာ” ဟု ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ရွှေကုက္ကိုလ်မြို့ကို စစ်တပ်က နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ ကျားဖြန့်အဆောက်အအုံ ၁၆၉ လုံးကို ချိတ်ပိတ်ခဲ့ကြောင်း၊ ယနေ့တွင် ရွှေကုက္ကိုလ်ကို ပထမဆုံး စတင်ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က KK Park အပိုင်း ၃ နယ်မြေအတွင်းရှိ ကျားဖြန့် အဆောက်အအုံ ၄၂၅ လုံးအနက် ၁၄၀ လုံး စစ်တပ်က ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park ပင်မနယ်မြေအတွင်းရှိ ကျားဖြန့် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၈၈ လုံးကို ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar











