ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း ထိခိုက် ပျက်စီးမှုရှိပြီး ထိခိုက်ဒဏ်ရာသူ ရှိ၊ မရှိကို အတည်မပြုနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ ( SRDF ) ၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း နှင့် Unknown YGN UG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်ရခြင်းသည် စစ်ကောင်စီက ပြုလုပ်ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲတွင် စစ်အာဏာရှင် သက်ဆိုးရှည်စေရန် အတွက် “ထွက်ပေါက်မဟုတ်တဲ့ ထောင်ချောက်” အဖြစ် အသက်ဆက် ပါဝင်ကူညီသူများကို စစ်အာဏာရှင် ဒေါက်တိုင်များအဖြစ်သတ်မှတ်ပြီး ဒဏ်ခတ်အရေးယူသောအားဖြင့် ပြည်သူပါတီရုံးချုပ်ကို အဆင့်မြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်မျှတသော ဒီမိုကရေစီစနစ်ကို လိုလားသည့် ပြည်သူအားလုံးတို့ကလည်း စစ်အာဏာရှင်ကျင်းပသော ရွေးကောက်ပွဲတွင် ပူပေါင်းပါဝင်ခြင်းမပြုဘဲ အာဏာရှင် စစ်ကောင်စီကို ဆန့်ကျင်ကြရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပေါက်ကွဲမှုဖြစ်တာကတော့ ဟုတ်ပါတယ်။ အသံကတော့ တော်တော်ကျယ်တယ်။ ကျနော်တို့ သိရသလောက်ကတော့ ရုံးခန်းထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရတယ်။ ဒဏ်ရာရသူရှိမရှိဆိုတာတော့ မသိဘူး။ စစ်ခွေးတွေရော အရပ်ဝတ်တွေကို အများကြီး ရောက်လာလို့ ပြည်သူတွေတော့ ထွက်မကြည့်ရဲကြဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





