မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စစ်တပ်စခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။
ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို သိမ်းပိုက်မည်ဖြစ်သောကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူများအနေဖြင့် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းသွားလာနိုင်ကြောင်း ကြေညာထားသည်။
“စလင်း-ဆင်ဖြူကျွန်းလမ်းတော့ ပြန်ပွင့်နေပြီ။ ဆင်ဖြူကျွန်းမြို့အဝင်အထွက်ကို PDF တွေ ပြည်သူတွေ ရှောင်လို့ရအောင် ပြန်ဖွင့်ပေးလိုက်တာ။ ပြောင်းတဲ့ သူတွေတော့ ပြောင်းနေကြပြီ။ ဆင်ဖြူကျွန်းမြို့ပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက တိုက်ပွဲ တွေဖြစ်နေတာ” ဟု ဆင်ဖြူကျွန်းမြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်မှစတင်၍ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးရှိ နွယ်တမယ်တံတားထိပ်မှ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆင်ဖြူးကျွန်းမြို့မရဲစခန်းကိုလည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ကလေ ကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံခဲ့ရကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲမှာ ပြည်သူတွေ ၂၀ လောက်ဒဏ်ရာရတယ်။ အဓိက စစ် တပ်က လေယာဉ်နဲ့ ဗုံးကျဲတာ၊ ဒရုန်းနဲ့ ဗုံးကျဲတာ။ ကျဲတာကလည်း ရပ်ကွက်တွေထဲကိုပါ စစ်တပ်က ကျဲချတာ။ အခုတော့ ပြည်သူတွေ ထွက်ဖို့ ပြင်နေကြပြီ။ ဒီဘက်ကလည်း ကြေညာထားတော့ အပြင်းအထန် ဖြစ်လာမယ့်သဘောရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
လတ်တလော စစ်တပ်က စလင်းမြို့နယ်အတွင်း စစ်ကြောင်းများ ထိုးနေပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လေ ကြောင်းတိုက်ခိုက်မှုများ စစ်တပ်က အဆက်မပြတ် လုပ်ဆောင်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




