ရန်ကုန်၊ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာရှိ စစ်ရှောင်ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ တိုက်ခိုက်၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် သန်းကုန်းတောတိုက်ကို ပေါင် ၃၀၀ ခန့် ဗုံး၁ လုံးနှင့် cluster bombs များဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်သွားတဲ့ နေရာက တိုက်ပွဲဖြစ်ပွားတာမရှိမပါဘူး။ စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ တောတိုက်ကို ဗုံးကျဲသွားတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်း-ရွှေဘို အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုလည်း စစ်ကြောင်းထိုးနေပြီး ခရီးသွားပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် လမ်းပိုင်းကို သွားလာခွင့် မပြုလုပ်ရန် ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး မြေပြင် စစ်ရေးအခြေအနေအရ အမှတ် ၃ ခရိုင်ချင်းဆက်လမ်း ( ဝက်လက်မြို့နယ်အပိုင်း)ကို သွားလာခြင်း လုံးဝ မပြုလုပ်ကြပါရန် ဝက်လက်မြို့နယ် ပအဖ ကထုတ်ပြန်ထားပြီး မြေပြင်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“စစ်ခွေးတွေက ခရိုင်ချင်းဆက် လမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေဖြစ်နေလို့ PDF အုပ်ချုပ်ရေးဘက်က သွားလာခွင့် မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ သိရတယ်။ မြေပြင် တိုက်ပွဲအခြေအနေတော့မသိရဘူး။ ဘယ်သူမှလဲ မသွားရဲကျဘူးလေ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပိုင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရကာ ကုန်တင်ကားများနှင့် အိမ်စီးကားများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
Photo – ဒီဇင်ဘာလ ၁၆ ရက်နေ့က အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပိုင်း ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးသွားသော ခရီးသွားကားများ
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








