မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ထောင်အာဏာပိုင်များက ရိုက်နှက်ကာ မတရား တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ မကွေးအကျဉ်းထောင်ရှိ အမျိုးသားဆောင် ၄ တွင် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်များကို လူ ၁၀ ဦးတစ်ဖွဲ့စီဖြင့် ထောင်အာဏာပိုင်များက ဆေးကြောရန် ခိုင်းစေခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများက မဆောင်ရွက်နိုင်ကြောင်း ပြောဆိုသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပန်းကန်မဆေးနိုင်ဟု ပြန်ပြောခဲ့သော နိုင်ငံရေးအကျဉ်းသားများကို ခေါင်းငုံ့ထိုင်ခိုင်းခြင်း၊ ခေါင်းမငုံ့သူများကို မျက်နှာအဝတ်စည်းပြီး ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်းများ ပြုလုပ်ခဲ့ပြီး ခေါင်းကွဲဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရှိရသည်။
“မကွေးထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို တစ်ဆောင်လုံးမှာ ရှိတဲ့ အကျဉ်းသားတွေ စားထားတဲ့ ပန်းကန်တွေကို ဆေးခိုင်းတဲ့ တာဝန် တွေ ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒီအခါမျိုးမှာ နိုင်ငံရေး အကျဉ်းသားတွေထဲမှာလည်း မိမိတို့က နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ် ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်ခံနေရတာ မဟုတ်ဘူး။ အဲဒီတော့ ဒါကို မဆေးနိုင်ကြောင်း ပြန်တင်ပြတာ ရှိတယ်။ ဒီလိုအခါမျိုးမှာ ထောင်ပိုင်နဲ့ တွေ့တယ်ဆို ခေါင်းငုံ့ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေါင်းမငုံ့တဲ့ လူတွေကို သူတို့တွေ အနေနဲ့ ခေါ်ထုတ်ရိုက်နှက်ပြီး တိုက်ပိတ်တဲ့ အခြေအနေအထိ ဖြစ်သွားတယ် ။ အဲဒီအခြေအနေကို မကျေနပ်လို့ မဖြစ်သင့်ဘူး ပြောတဲ့ လူတွေကိုပါ ဆက်ပြီး ရိုက်နှက် တိုက်ပိတ်တဲ့အထိ ကြုံရတယ်။ မကွေးထောင် အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ လုပ်သင့် လုပ်ထိုက်တယ်ဆိုတဲ့ ဘောင်ကနေ ကျော်ပြီးတော့ ဒီလို အာဏာသိမ်းကာလမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိကို ဖိနှိပ်နေမှုကို လုံဝလက်သင့်မခံနိုင်ဘူး။ ဒါကြောင့် ကျူးလွန်ခဲ့တဲ့ လူတွေကို ထောင်အာဏာ ပိုင်တွေအနေနဲ့ ဒီကြားကာလမှာရော အကူးအပြောင်းမှာရော သေချာပေါက် တရားမျှတမှုကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောကြားချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း မြေပြင်ပေါ် အမှောက်ခိုင်းပြီး နံပါတ်တုတ်များ၊ ဝါယာကြိုးနှင့် မိန်းကြိုးအတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ဦး တိုက်ပိတ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၈ ရက်မှ ယနေ့အချိန်အထိ ဆက်လက် တိုက်ပိတ်ခံထားရဆဲဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ အရိုက်ခံရသူများ၏ ကျန်းမာရေးအခြေအနေများကို မိသားစုဝင်များမှ အတိအကျ မသိရှိရသေးကြောင်း၊ ထိုသို့ နိုင်ငံရေးအကျဉ်းသားများအပေါ် အကြမ်းဖက်မှုများကို ထောင်ဝန်ထမ်းများဖြစ်သည့် သက်ပိုင်စိုးနှင့်အတူ အဆောင် (၁)မှ တန်းစီး တင်အောင်ထွန်း၊ အဆောင် (၃)မှ တန်းစီး စစ်သားကြီး၊ အဆောင် (၂)မှ တန်းစီး ငပွေး နှင့် အဆောင် (၄)မှ အခန်းလူကြီး မြတ်ကိုတို့က အတူပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် မကွေးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများသည် ထောင်တွင်း၌ ရောင်းချသည့် ဈေးဘားများအား မတန် တဆ ဈေးများဖြင့် ရောင်းချနေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများသည် ထောင်ဝန်ထမ်းများ၏ဝင်ငွေကို ဖြတ်တောက်နိုင်ရန် ထောင်မှ ရောင်းသည့်ကွမ်းယာများကို ဝယ်မစားဘဲ ကွမ်းဖြတ်တောက် ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၇ရက် နေ့တွင် ပြုလုပ်ခဲ့ကြပြီး ထိုသို့ ပြုလုပ်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား ၁၁ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်ကာ ခြေကျင်းများခတ်ပြီးနောက် ယနေ့အထိ တိုက်ပိတ်ထားကြဆဲဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ထောင်ဝင်စာအဖြစ် ဆီနှင့် သစ်သီးများကို ခွင့်မပြုခြင်း၊ ဧည့်တွေ့ခွင့်ကို တစ်ဦးသာ ခွင့်ပြု၍ နှစ်ဦးတွေ့လိုပါက ငွေပေးရခြင်းများလည်း ရှိနေပြီး အဆိုပါ လုပ်ရပ်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာအကျဉ်း သားဆိုင်ရာ စံချိန်စံညွှန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း PPNM က ထောက်ပြထားသည်။
ဓာတ်ပုံ – အကျဉ်းထောင်တွင် အကျဉ်းသားများကို ထောင်အာဏာပိုင်များက အစားအစာ ဝေငှနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




