25 C
Yangon

ဝက်လက်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက်မီးရှို့နေပြီး စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲနေ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက် မီးရှို့နေပြီး စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲနေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာနှင့် ရှားကွဲရွာတို့ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သန်းကုန်းတောတိုက် အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်ရှောင်ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းမြောက်ခြမ်းရှိ ထုံးဘိုရွာနှင့် ရှားကွဲရွာတို့ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ရွာကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် နေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ယနေ့ ညနေပိုင်းတွင်လည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာနှင့် မှော်ဦးရွာဘက်တွင် ရောက်ရှိ‌နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင်ပြည်သူများ ရှိရာနေရာများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ် ဒရုန်းများသည် လက်ရှိချိန်ထိ ပျံဝဲနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ငါးရယ် ၊ရှိမ်းမကား ၊ရှိမ်းမကားရွာသစ် ၊အင်ဒေါင်း ၊ မင်းရွာတောင် ၊ရွာသာ ၊ ကမ်းဖြူ ၊ မှော်ဦး ၊ ရေလည်မော် ၊သက်ရက်ပင် ၊ ငါးပတ်ချောင်း ၊ ဂူကြီး ၊ သစ်ဆိပ့် ၊ လှေပို့ဆိပ် ၊ ရွာသစ် ၊ ရေဂမိုး ၊ ရှားကွဲ နှင့် ထုံးဘို ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကတော့‌ ပြည်သူပိုင်နေအိမ်တွေကို ၂ ရက်ဆက်ကို မီးရှို့ဖျက်ဆီးသွားတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို အကုန်ရှောင်နေရတယ်။ စစ်ရှောင်ပြည်သူတွေကိုလည်း စစ်ခွေးတွေက ဒရုန်းတွေနဲ့ ဒီနေ့ ညနေပိုင်းကနေစပြီး ဗုံးကျဲနေတာ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး။ အခုထိ ဒရုန်းတွေပျံဝဲနေတုန်းပဲ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖောင်းကားရွာ အနောက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ဖောင်းကားရွာ၊ မိုးကြိုးပြင်ရွာနှင့် ဝါးတန်းရွာ တို့မှ ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ညနေ ဝမ်ပေါင်ထဲကနေ ထွက်လာတဲ့ စစ်ခွေးတွေ အနောက်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်။ သူတို့ရဲ့ ဟန်ပြရွေးကောက်ပွဲ အတွက်လို့ ထင်တယ်။ အဲစစ်ခွေး စစ်ကြောင်းကြောင့် ဖောင်းကားရွာ၊ မိုးကြိုးပြင်ရွာနဲ့ ဝါးတန်းရွာက ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်။ စစ်ခွေး စစ်ကြောင်းက သယ်ပင်ကံရွာ ထိထိုးမယ်ကြားထားတယ်။ အခု ခွေးစစ်ကြောင်းက ဖောင်းကားရွာ အနောက်ဘက်နားထိရောက်နေတယ်ကြားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – နွားထိုးကြီးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေကြောင်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နွားထိုးကြီးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေကြောင်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article