30 C
Yangon

ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးရန် ပျက်ကွက်ခဲ့သော ပြည်ပရောက် မြန်မာအလုပ်သမားများအပေါ် စိစစ်တင်းကျပ်မှုများ ပိုမိုလုပ်ရန် စစ်တပ် လက်အောက်ခံ အလုပ်သမားဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း အောင်ကျော်ဟိုး ညွှန်ကြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် ပျက်ကွက်ခဲ့သော ပြည်ပရောက် မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ စိစစ်တင်းကျပ်မှုများ ပိုမိုလုပ်ဆောင်ရန် အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း အောင်ကျော်ဟိုးက ညွှန်ကြားခဲ့ကြောင်း နေပြည် တော် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို စစ်တပ်လက်အောက်ခံ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၊ မြန်မာအမြဲတမ်းကိုယ် စားလှယ်အဖွဲ့ရုံး အပါ အဝင် ရုံးပေါင်း ၅၀ ရုံးတွင် ကောက်ခံခဲ့ကြောင်း၊ သို့ရာတွင် ပြည်ပရောက် မြန်မာအလုပ်သမားများက ကြိုတင်မဲပေးရန် ပျက်ကွက်ခဲ့ကြပြီး မြန်မာအလုပ် သမား သန်းချီရှိသော ထိုင်းနိုင်ငံတွင် ကြိုတင်မဲ ရာဂဏန်းသာရရှိခဲ့ကြောင်း၊ အလားတူ မြန်မာအလုပ်သမားများ အများအပြားရှိနေသော တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့်ဂျပန်နိုင်ငံတို့တွင်လည်း ကြိုတင်မဲမှာ ရာဂဏန်းဝန်ကျင်သာရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ကြိုတင်မဲထည့်ရန် ပျက်ကွက်ခဲ့သည်အတွက် ပြည်ပရောက် မြန်မာ အလုပ်သမားများကို တင်းကျပ်မှုများ လုပ်ဆောင်ရန် အလုပ်သမားဝန်ကြီး အောင်ကျော်ဟိုးက ညွှန်ကြား လာကြောင်း သိရှိရသည်။

ဒီဇင်ဘာလနှောင်းပိုင်းအတွင်း ညွှန်ကြားခဲ့သော အလုပ်သမားဝန်ကြီးအောင်ကျော်ဟိုး၏ အမိန့်အရ အလုပ်သမားဝန်ကြီးဌာနအတွင်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်အလုပ်သမားများအားလုံးကို အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါဘဲ ထွက်ခွာခွင့်မပြုဆိုသော အမိန့်တစ်ရပ်ထုတ်ခဲ့ကြောင်း သိရှိရသည်။

“ပြည်ပရောက် အလုပ်သမားတွေဆီက အခွန်တိုးမြှင့်ရရှိရေး တင်းတင်းကျပ်ကျပ်လုပ်ဖို့လည်း ဆွေးနွေးမှုတွေရှိနေတယ်။ နိုင်ငံရေးကြောင့် ပြေးသွားသူတွေ၊ CDM တွေကို အလုပ်သမားနဲ့သက်ဆိုင်တဲ့ PJ-နိုင်ငံကူးလက်မှတ် ၊ CI စာအုပ်တွေ ထုတ်မပေးဖို့ ၊ PJ-နိုင်ငံ ကူးလက်မှတ်ကိုင်ထားတဲ့ CDM တွေဆိုရင် သံရုံးတွေမှာ သက်တိုးခွင့်မပေးဘဲ စာ အုပ်ပါ ချက်ချင်းသိမ်းဖို့ ညွှန်ကြားတယ်။ အခု ပြည်တွင်းကနေ PJ နဲ့ ထွက်မယ့်သူတွေကို ပြည်ပအလုပ်ရှင် တကယ်ရှိ၊ မရှိ။ မှန်၊ မမှန်စိစစ်ဖို့၊ ဗီဇာ မှန်၊ မမှန် စိစစ်ဖို့။ ပြည်ပသွားရောက်မယ့် အလုပ်အကိုင်တွေက အလိမ်အညာ ဟုတ်၊ မဟုတ်။ အဲဒါတွေကိုလည်း သက်ဆိုင်ရာ သံရုံး၊ အလုပ်သမားသံအရာရှိတွေနဲ့ ချိတ်ဆက် ဆောင်ရွက်စိစစ်ဖို့ ညွှန်ကြားတယ်” ဟု အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် စစ်မှုထမ်းအသက်အရွယ်တွင် အကျုံးဝင်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများက မှတ်ပုံတင်ပါ မွေးသက္ကရာဇ်ကို ပြုပြင် ပြောင်းလဲလိမ်လည်လျှောက်ထားပြီး ပြည်ပထွက်ခွာမှုများ ရှိနေကြောင်း၊ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲ စိစစ်မှုများကို အထူးစိစစ်ရန်၊ ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်- CI ထုတ်ပေးသည့် လုပ်ငန်းစဉ်များအတွင်း CDM များနှင့် ပြစ်မှု မှတ်တမ်းရှိသူများကို CI များလုံး၀ ထုတ်မပေးနိုင်ရေး အထူးစိစစ်ရန်၊ ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ရသင့်ရထိုက်သော အခွန်ငွေများ ပိုမိုတိုးမြှင့် ရရှိရေး နည်းလမ်းသစ်များ ရှာဖွေကြရန် ဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း အောင်ကျော်ဟိုးက အမိန့်ပေးလာကြောင်း သိရှိရသည်။

လက်ရှိ အလုပ်သမားဝန်ကြီး အောင်ကျော်ဟိုးမှာ အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ဗိုလ်လောင်းသင်တန်း-OTS အပတ်စဉ် ၇၇ မှဖြစ်ကြောင်း၊ သန်းရွှေလက်ထက်မှစတင်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန အမှတ် ၃ ဝန်ကြီးနှင့် စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အမှတ် ၄ ၏ ဝန်ကြီး အဖြစ် လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် အလုပ်သမားဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံရသူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article