ရန်ကုန်၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် လက်ထောက် ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဆိုသူက အကျဉ်းသားများကို သီးနှံများ ၃ ဆ ဈေးတင်ရောင်း၍ ငွေညှစ်ခြင်း၊ ထောင်ဝင်စာများကို စိတ်ကြိုက်ယူစားခြင်းများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ထောက် ကြီးကြပ်ရေးမှူး ကျော်ထက်ဦးသည် ရာထူး တစ်ပွင့်မှ နှစ်ပွင့်သို့ ရာထူးတိုးသွားပြီးနောက် ကလေးမြို့ အကျဉ်းထောင် စီမံကွပ်ကဲမှု ယန္တရားတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ကြောင်း၊ ယခင်က အကျဥ်းသားတစ်ဦးကို ခေါင်းကွဲအောင်ရိုက်နှက်ခဲ့ဖူးပြီး အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ယခုအခါတွင် အကျဥ်းသားများအပေါ်တွင် ကျဥ်စက်အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ကိုင်လာကြောင်း သိရသည်။
“လာဘ်ပေးလာဘ်ယူလုပ်တာ၊ အနိုင်ကျင့်တာ၊ ငွေညှစ်တာတွေ လုပ်နေတာကို ထောင်ဝန်ထမ်းတွေက အာဏာပိုင်တွေ ဖြစ်လာတဲ့အခါမျိုးမှာ ပေါ်ပေါ်ထင်ထင်ကျူးလွန်လာတာတွေ့ရပါတယ်။ ဒါတွေက နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို သူတို့ လက်ရှိတာဝန်ယူထားတဲ့အချိန်မှာ ကိုယ်ကျိုးအရ အမြတ်ထုတ်လာတာကို တွေ့လာရပြီးတော့ စစ်ကော်မရှင်ရဲ့ ယန္တရားထဲမှာ ဆိုလို့ရှိရင်လည်း ဒီ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတွေကို ဖိနှိပ်တယ်ဆိုရင် သူတို့တွေက ရာထူးတိုးတာတွေဖြစ်တော့ သူတို့က တမင် ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်နေတယ်လို့ ပြောကြားလိုပါတယ်။ ယခုလက်ရှိ အကျဉ်းထောင်တွေ အတော်များများဟာ ခေါင်းပုံဖြတ် အမြတ်စားတာတင်မဟုတ်တော့ဘဲနဲ့ ငွေညှစ်လာတတွေ တွေ့ရတယ်။ ဒါတွေဟာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကို ပစ်မှတ်ထား စီးပွားရှာနေတာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေဟာ စီးပွားရှာရမယ့် နေရာမဟုတ်ပါဘူး။ မိမိပိုက်ဆံနဲ့ မိမိ ထောင်ကျနေရမယ့် နေရာမဟုတ်ပါဘူးလို့ ပြောကြားချင်ပါတယ်” ဟု PPNM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် လက်ထောက်ကြီး ကြပ်ရေးမှူး ကျော်ထက်ဦးသည် မည်သူ့ကိုမဆို အပေါ်စီးမှ ဆက်ဆံပြီး ၎င်း၏ မနက်စာ၊ နေ့လည်စာနှင့်ညစာများကို အကျဥ်းသားများ၏ရိက္ခာများထဲမှ ဖြတ်ယူစားသောက်သူလည်း ဖြစ်ပြီး ကလေးမြို့ ထောင်မှ စားနပ်ရိက္ခာ လောက်ငှအောင် မပေးတော့သည့်အပြင် ဖြတ်ယူစားသောက်နေမှုများကြောင့် နိုင်ငံရေးအကျဥ်းသားများသည် မိမိစားရိတ်ဖြင့်မိမိ မှာယူစားသောက်နေရပြီး မိသားစုနှင့် အပေါင်းအသင်းများမှ ပေးပို့လာသည့်ပါဆယ်များကို ထောင်အရာရှိများမှ ခေါင်းပုံဖြတ်စားနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထောင်ဝင်စာလာသော ပါဆယ်များကို တာဝန်ယူသယ်ဆောင်ရန် လက်ထောက်ကြီးကြပ်ရေးမှူးရုံးမှ အကျဥ်းသား အောင်လှိုင်သန်း(ခ) ဖိုးလုံး ကို လက်ပါးစေအဖြစ်အသုံးပြုပြီး ကျော်ထက်ဦးက စားသောက်လိုသည့် အစားအသောက်များကိုယူဆောင်စေကာ အကျဥ်းသား အောင်လှိုင်သန်း (ဖိုးလုံး)သည် ထောင်မှူးကျော်ထက်ဦး၏ ဝင်ငွေရှာလမ်းကြောင်းတွင် ထဲထဲဝင်ဝင် ကူညီပေးနေသူ ဖြစ်သည့်အပြင် ၎င်းသည် မူးယစ်ဆေးဝါးမှုဖြင့်အကျဥ်းကျနေသူတစ်ဦးဖြစ်ကြောင်း PPNM မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




