ရန်ကုန်၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ သံဃာတော်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း Monywa Revolution – MR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်ကား ၃ စီးဖြင့် အင်အား ၂၀ ကျော်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် ၎င်းတို့ ဖမ်းဆီးလာသည့် အောင်ချမ်းသာကျေးရွာ၌ နေထိုင်သော အသက် ၅၀ နှစ်အရွယ် လင်မယား ၂ ဦးနှင့် အသက် ၄၀ နှစ် အရွယ် အမျိုးသား ၁ ဦးတို့ကို ပစ်သတ်ခဲ့ကြောင်း၊ ထိုပြည်သူ ၃ ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ချောင်ဦးမြို့ပေါ်၌ ဖမ်းဆီးခံခဲ့သူများဖြစ်ပြီး အောင်ချမ်းသာကျေးရွာကို ပြန်လည် ခေါ်ဆောင်လာကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ချမ်းသာ ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး သံဃာတော်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ချောင်းဦးမြို့ကို ပြန်လည်ဆုတ်ခွာ သွားကြောင်းသိရှိရသည်။
“စစ်ခွေးတွေ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်မှာ အောင်ချမ်းသာရွာကို မီးရှို့သွားပြီးတော့ နေ့လည် ၁ နာရီခွဲ ဝန်းကျင်လောက်မှာ ပြန်သွားတယ်။ ချောင်ဦးမြို့ထဲကနေ အိမ်စီးကား ၃ စီးနဲ့ ခန့်မှန်းခြေ စစ်ခွေး အင်အား ၂၀ ကျော်ဝန်းကျင်နဲ့ ထွက်လာတာပါ။ စစ်ခွေးတွေက အောင်ချမ်းသာရွာကို မီးရှို့ဖျက်ဆီး တာ ခန့်မှန်းခြေ ၄လုံး ခန့်လောက်ရှိတယ်။ အသက် ၅၀ အရွယ် လင်မယား ၂ ဦးရယ် အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ၃ ဦးကိုလည်း အောင်ချမ်းသာရွာမှာပဲ ပစ်သတ်သွားတာပါ။ သေဆုံးသူ ၃ ဦးလုံးက အဲ့ရွာသားတွေလို့ ကြားရတယ်။ စစ်ခွေးတွေက အဲ့ရွာကို မီးရှို့သွားပြီး ရွာထဲက ဉူးဇင်း၊ ကိုရင်၊ အမျိုးသမီးနဲ့ အမျိုးသား အပါဝင် ပြည်သူ ၁၅ ဦးကို ဓါးစာခံ အဖြစ် ဖမ်းဆီးသွားတယ်” ဟု Monywa Revolution – MR မှတာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




