ရန်ကုန်၊ ဇန်နဝါရီ ၂၂
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူ ၂၀ ကျော်ကို ရွာထဲ၌ ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်း ဖက် စစ်တပ်က ကျေးရွာနေပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နတ်ညွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပတ္တာရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင်မူ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နတ်ညွန်းရွာကို ထပ်မံရောက်ရှိလာပြီး စစ်ဘေးရှောင်ပြည်သူများ ကျန်ရှိခဲ့သော ဆိုင်ကယ်များနှင့် နေအိမ်များကို ထပ်မံ မီးရှို့နေကြောင်း၊ စစ်ကြောင်းက လက်ရှိအချိန်အထိ ကျေးရွာအတွင်းရှိနေသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ် နောက်ပြန်လှည့်လာစဉ် ရွာထဲ၌ စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်သောပြည်သူ ၂၀ ဦးကို စစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေက ရွာထဲက ထွက်ပြေးလာချိန်မှာ စားနပ်ရိက္ခာတွေ မပါလာလို့ ရွာထဲကို ပြန်ယူတဲ့ အချိန်မှာ ဖမ်းခံရတာ နတ်ညွန်းရွာက ပြည်သူ ၂၀ ကျော်လောက်ဖမ်းခံထားရပါတယ်။ ခွေးစစ်ကြောင်းက နတ်ညွန်းရွာကို ပြန်ရောက်နေပြီး နေအိမ်တွေနဲ့ ရွာထဲက စစ်ဘေးရှောင်တွေ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကို မီးရှို့နေတယ်။ ပျက်စီးမှု အခြေ အနေကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မြင်းခြံမြို့နယ်အတွင်းရှိ လေးဖျက်ခုံရွာ ၊ ပြည်တော်သာရွာ ၊ ဓားကျွန်းရွာ ၊ တန်စောင်းရွာ ၊ နတ်ညွန်းရွာ ၊ အောင်ဆန်းကုန်းရွာ ၊ နတ်ပေးကျွန်းရွာ ၊ ရဲကုန်းရွာ ၊ အောင်ပြည်စိုးရွာ နှင့် ပတ္တာကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ထို စစ်တပ် စစ်ကြောင်းသည် ဒါးကျွန်တောင်းရွာ ဘုန်ကြီးကျောင်းကို ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ကျောက်မြောင်း ခမရ-၁၂ တပ်ရင်းမှ စစ်သားများက အသေခံဒရုန်းများဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ငါးရယ် ၊ရှိမ်းမကား ၊ရှိမ်းမကားရွာသစ် ၊အင်ဒေါင်း ၊ မင်းရွာတောင် ၊ရွာသာ ၊ ကမ်းဖြူ ၊ မှော်ဦး ၊ ရေလည်မော် ၊သက်ရက်ပင် ၊ ငါးပတ်ချောင်း ၊ ဂူကြီး ၊ သစ်ဆိပ့် ၊ လှေပို့ဆိပ် ၊ ရွာသစ် ၊ ရေဂမိုး ၊ ရှားကွဲ နှင့် ထုံးဘို ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ – မြင်းခြံမြို့နယ်၊ နတ်ညွန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော ပြည်သူပိုင်နေအိမ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




