ရန်ကုန်၊ ဇန်နဝါရီ ၂၂
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာဆောင်မဏ္ဍပ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လသား အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အောင်လံမြို့နယ် စစ်ရေးသတင်းများ ဖော်ပြနေသည့် အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နေပြည်တော်လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်လံမြို့နယ် တပ်ကုန်းကျေးရွာအတွင်း လူစုလူဝေးရှိနေသည့် မင်္ဂလာဆောင် မဏ္ဍပ်ကို ပေါင် ၁၀၀ ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း တပ်ကုန်းကျေးရွာအတွင်းရှိ လသားအရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက် ဒဏ်ရာရရှိသူများမှာလည်း ၁၀ ဦးထက်မနည်းရှိကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံးလည်း မီးလောင်ပြာကျကာ လက်ရှိချိန်တွင် တပ်ကုန်းကျေးရွာမှ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးဗုံးကျဲတာ လသားအရွယ်ကလေး ၁ ဦးရယ်၊ သက်ကြီးပိုင်း ၆၀ ဝန်းကျင် အမျိုးသမီးနဲ့ သက်လတ်ပိုင်း ၃၀ ခန့်အမျိုးသား ၁ ဦး အပါအဝင် ၅ ဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်။ သေဆုံးသူတွေက တပ်ကုန်းကျေးရွာကပါ။ ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ သေဆုံးသူ ထပ်ရှိနိုင်တယ်။ နာမည်တွေက အခုဖြစ်နေတဲ့အချိန်မှာ မေးမြန်းဖို့ ခက်ခဲပါတယ်။ မင်္ဂလာဆောင်မဏ္ဍပ် တစ်နေရာတည်းကိုပဲ နေပြည်တော်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၁၀၀ ဗုံးသီး ၃ လုံး ၃ ကြိမ် ကျဲချသွားတာပါ။ မင်္ဂလာ ဆောင်ကျင်းပနေစဉ် လူစုလူဝေးဖြစ်နေတာကို သတင်းပေးရှိလို့ မင်္ဂလာဆောင်မဏ္ဍပ်ကို ဗုံးလာကျဲတာလို့ ကြားတယ်။ နေအိမ် မျက်မြင် ၂ လုံး ပြာကျပြီး ဆက်လက်လောင်ကျွမ်းနေတဲ့ အိမ်တွေရှိနေပါတယ်။ ပြည်သူတွေကတော့ ရာနဲ့ချီပြီး ရွာလုံးကျွတ်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု အောင်လံမြို့နယ် စစ်ရေးသတင်းများကို ဖော်ပြနေသည့် အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







