ရန်ကုန်၊ ဇန်နဝါရီ ၂၃
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ Gyrocopter တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းရှိ အကြမ်းဖက် စစ်တပ်က ဇရပ်ခင် ကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဇရပ်ခင်ကျေးရွာတွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ဒေါ်သီတာစန်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မုန်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က မာနေကွင်း နေရာကို ဒရုန်းဖြင့် ဗုံး ၁ လုံးလာရောက် ကျဲချ တိုက်ခိုက်ခဲ့ရာ ကပ်ကြီးဆိပ်ကျေးရွာတွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ် ဦးမဲလုံး နှင့် အသက် ၂၈ နှစ်အရွယ် ကျော်မင်းထက်တို့ သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကိုမင်းခန့် နှင့် အသက် ၂၄ နှစ်အရွယ် မေကဗျာတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က နတ်လောင်းကြီး ကျေးရွာအတွင်းကို ဂျိုင်ရိုကော်ပတာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နတ်လောင်းကြီး ကျေးရွာတွင် နေထိုင်သော အသက် ၆၉ နှစ်အရွယ် ဦးသောင်းစိန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များပျက်စီးခဲ့ကြောင်း Kawlin Revolution-KR က ထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူပိုင် နေအိမ်တချို့ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar











