ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကွီးလားကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် တောင်ငူလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ကျောက်ကြီးမြို့နယ်၊ ကွီးလားကျေးရွာအတွင်းကို ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာနေပြည်သူ အသက် ၇ နှစ်အရွယ် စောအယ်လောလမူး ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် စောအယ်မူးခီသော၊ အသက် ၁၁ နှစ်အရွယ် စောအယ်လဲပွယ်မူး နှင့် အသက် ၉ နှစ်အရွယ် စောအယ်နားဒိုမူး တို့ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ညောင်လေးပင်ခရိုင်အတွင်း ပြည်သူလူထုများ နေထိုင်ရာ နေရာများနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လက်နက်ကြီးများ၊ ဒရုန်း၊ လေယာဥ်များဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်လျှက်ရှိသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရကာ ကလေးသူငယ်များသာမက သက်ကြီးရွယ်အိုများပါမကျန် စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုကပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တစ်နေရာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Monywa Revolution-MR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ gyrocopter ၁ စီးသည် ကနီမြို့နယ် တစ်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ နေအိမ် ပျက်စီးတာမျိုး မရှိပါဘူး။ “ဟု Monywa Revolution -MR မှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









