ရန်ကုန်၊ ဇန်နဝါရီ ၂၉
စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း ကြေညာပြီးနောက်အစိုးရအဖွဲ့သစ်တွင် ဗိုလ်ချုပ်ဟောင်းနင့် ဝန်ကြီးဟောင်း ၅၀ ရာခိုင်နှုန်းပါဝင်မည်ဆိုသော သတင်းများ ထွက်ပေါ်လာကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲ ၃ ခုစလုံးတွင် ကြံ့ဖွတ်ပါတီက ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားပြီး အစိုးရသစ်ဖွဲ့စည်းနိုင်ရန် လုံလောက်သော လွှတ်တော်ကိုယ် စားလှယ် ရရှိထားကြောင်း၊ အစိုးရသစ်ဖွဲ့စည်းရာတွင် ယခင်အတွေ့အကြုံရှိပြီးဖြစ်သော ဝန်ကြီးဟောင်းများ၊ ဗိုလ်ချုပ်ဟောင်းများနှင့် လူဟောင်း ၅၀ ရာခိုင်နှုန်းကို ပြန်လည် ထည့်သွင်းဖွဲ့စည်းရန်ရှိနေကြောင်း သိရှိရသည်။
“အတွေ့အကြုံရှိပြီးသား ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ ၅၀ ရာခိုင်နှုန်း ပြန်ပါမယ်လို့ ဗဟိုကော်မတီအတွင်းမှာ သတင်းတွေ ထွက်လာပါတယ်။ ပါတီက အမျိုးသမီးတချို့လည်း ဝန်ကြီးအဖြစ် ပါမယ်လို့ သိရတယ်။ အခြားနိုင်ငံရေးပါတီက သူတချို့လည်း အစိုးရအဖွဲ့မှာ ပါဖို့ ကမ်းလှမ်းဖိတ်ခေါ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ ပြန်ပါမယ့် လူဟောင်းတွေကလည်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတချို့နဲ့ လက်ရှိ အငြိမ်းစားယူလာတဲ့ ဗိုလ်ချုပ်ဟောင်းတွေ ပြန်ပါမယ်လို့ သိရတယ်။ အခုထက်ထိတော့ အစိုးရသစ်အဖွဲ့ ဖွဲ့စည်းဖို့ အစည်းအဝေးခေါ်တာ၊ အနိုင်ရ လွှတ်တော်အမတ်တွေကို အစည်း အဝေး ခေါ်တာမျိုးမရှိသေးပါဘူး။ ” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီအတွင်း မင်းအောင်လှိုင်နှင့် တိုက်ရိုက် ထိတွေ့ ဆက်သွယ်ခွင့်ရှိသော လူပုဂ္ဂိုလ်တချို့ရှိနေပြီး ယင်းတို့ထဲတွင် ဥက္ကဋ္ဌ ခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ၁ ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်း၊အထွေထွေအတွင်းရေးမှူး သောင်းအေးတို့ ဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ တိုက်ရိုက် အဆက် အသွယ်လုပ်နိုင်ပြီး ကြံ့ဖွတ် အစိုးရအဖွဲ့အသစ်မှာလည်း မင်းအောင်လှိုင်က တိုက်ရိုက်ရွေးချယ်မည့် သဘောဟု ယူဆနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ကြံ့ဖွတ်ပါတီအတွင်း လွှတ်တော်ကိုယ်စားလှယ်များ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် ကြံ့ဖွတ် လွှတ်တော်အမတ်များ လိုက်နာရမည့် စည်းကမ်းစည်းမျဉ်းများကို ယခုရက်ပိုင်းအတွင်း ရေးဆွဲ သတ်မှတ်ရန်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ပေးအပ်ရန်လည်းရှိနေကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




