ရန်ကုန်၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကသာမြို့နယ်နှင့် ကနီမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်းIndaw Revolution-IR အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်တွင် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ်အပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့၍ လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်ကလည်း ကသာမြို့ရှောင်ကွင်းလမ်းထဲကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လမ်းသွားလမ်း ပြည်သူ ၂ ဦး ကို ထိမှန်ကာ အမျိုးသမီး ၁ ဦး သည်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးမှာလည်း ယင်းနေ့ ညပိုင်းတွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးသည် ဗန်းမော်မြို့နယ်၊ မံစီမြို့ပေါ်မှ ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း၊ နန့်ခမ်းမြို့မှ ဆိုင်ကယ်များတင်ပြီး အင်းတော်-မော်လူးဘက်တွင် လာရောက်ရောင်းချသူများဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ကနီမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
“မနေ့က မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်လောက်က မုံရွာ နမခက တက်လာတဲ့ Gyrocopter ၁ စီးက ကနီမြို့နယ်ကို လာရောက်ပြီး ကနီမြို့နှင့် ရေလယ်ကျွန်း ပျူစောထီး စခန်းအနီးမှာရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ တောတဲတွေကို ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – ကသာမြို့ရှောင်ကွင်းလမ်းတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ သေဆုံးခဲ့သော ပြည်သူ ၁ ဦးနှင့် မီးလောင် ပျက်စီးခဲ့သော ဆိုင်ကယ် ၁ စီး။ (Photo Credit – Indaw Revolution-IR)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




