29 C
Yangon

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက ၅ ချက်ကို ပြန်လည်သုံးသပ်ရန်၊ မြန်မာနိုင်ငံဆိုင်ရာ အဆီယံအထူးသံတမန်ကို ရေရှည်ခန့်အပ်ရန် စဉ်းစားနေဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက ၅ ချက်ကို ပြန်လည်သုံးသပ်ရန်၊ မြန်မာနိုင်ငံဆိုင်ရာ အဆီယံအထူးသံတမန်ကို ရေရှည်ခန့်အပ်ရန် စဉ်းစားနေဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမာရီယာ သီရီဆာ လာဇာရိုက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံမှ Thai PBS ၏ ‘Tanloke’ အစီအစဉ်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အာဆီယံအဖွဲ့က မြန်မာ့အရေးနှင့် ပတ်သက်သည့် ‘ဘုံသဘောတူညီချက် ၅ ရပ်’ ကို ပြန်လည်သုံးသပ်ရန်နှင့် လက်ရှိကျင့်သုံးနေသည့် အလှည့်ကျအာဆီယံဥက္ကဋ္ဌက အထူးသံတမန်တစ်ဦးစီကို နှစ်စဉ်အသစ်ခန့်အပ်သည့်စနစ်အစား ရေရှည်တာဝန်ယူမည့် အထူးသံတမန်ရာထူးတစ်ခု ဖန်တီးရန် စဉ်းစားလျက်ရှိသည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုက ပြောဆိုသည်။

မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘုံသဘောတူညီချက် ၅ ရပ်သည် အဖွဲ့၏ “အခြေခံစာတမ်း” အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း၊ စီဘူးမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံအချို့က ပြန်လည်ချိန်ညှိမှုများပြုလုပ်ရန် အကြံပြုချက်များကို တင်ပြခဲ့ကြသည်ဟု ၎င်းက ရှင်းပြသည်။

“တစ်စုံတစ်ရာသော အတိုင်းအတာအထိ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မှုအချို့ ပြုလုပ်သင့်သည်ဟု ကျွန်မထင်မြင်ပါသည်” ဟု ၎င်းက ပြောကြားသည်။

အာဆီယံသည် ဘုံသဘောတူညီမှုစနစ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် မည်သည့်ချဉ်းကပ်မှု ပြောင်းလဲမှုမဆို အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက် ရရှိရန်လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် စဉ်ဆက်မပြတ် ရည်ရွယ်၍ ရေရှည်အထူးသံတမန်ရာထူးတစ်ခု ထားရှိနိုင်ခြေကိုလည်း ဆွေးနွေးခဲ့ကြပြီး၊ အဆင့်မြင့်အရာရှိကြီးများအား အဆိုပါအဆိုပြုချက်ကို ဆက်လက်လေ့လာရန် တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံထံမှ ယခုနှစ်အတွက် အလှည့်ကျအာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက လက်ရှိအာဆီယံ ၁၁ နိုင်ငံအုပ်စု၏ ဥက္ကဋ္ဌရာထူး အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

အာဆီယံအနေဖြင့် ရေရှည်အထူးသံတမန်တစ်ဦးကို ခန့်အပ်သင့်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယူဆကြောင်း ၎င်းက ဆိုသည်။

“အတိတ်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများအပေါ် သိရှိနားလည်မှု ရှိနေရပါမည်” ဟု လာဇာရိုက ပြောကြားခဲ့ပြီး ၎င်း၏ လက်ရှိအခန်းကဏ္ဍတွင် ယခင်ဥက္ကဋ္ဌ၏ လုပ်ဆောင်ချက်များအပေါ် မှီခိုအား ထားခဲ့ရကာ မလေးရှားနိုင်ငံ၏ ပံ့ပိုးကူညီမှုနှင့် အောင်မြင်မှုများကို ဆက်လက်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း မှတ်ချက်ပြုခဲ့သည်။

လက်ရှိ ကျင့်သုံးနေသည့်စနစ်အရ အဖွဲ့ဝင် ၁၀ နိုင်ငံအကြား နှစ်စဉ်အလှည့်ကျ ပြောင်းလဲနေသော အာဆီယံဥက္ကဋ္ဌသည် မြန်မာ့အရေးကိစ္စများကို ကိုင်တွယ်ရန် ၎င်းတို့၏ ကိုယ်ပိုင်အထူးသံတမန်ကို ခန့်အပ်လေ့ရှိသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ပြန်လည်သုံးသပ်ရန် အဆိုပြုထားပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် မူဝါဒများကို အာဆီယံကို ဆက်လက်လမ်းညွှန်နေမည်ဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) အပါအဝင် အဖွဲ့၏ အဓိကအခြေခံမူများပေါ်တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း လာဇာရိုက အလေးအနက် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သော အာဆီယံ ဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် အထူးသံတမန်က သွားရောက်ရန်တို့ကို တောင်းဆိုထားသည်။

အာဆီယံအထူးသံတမန်တစ်ဦးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဘုံသဘောတူညီချက်နှင့်အညီ မြန်မာစစ်ခေါင်း ဆောင်ပိုင်းနှင့် အခြားသက်ဆိုင်သူများနှင့်ပါ ထိတွေ့ဆက်ဆံခဲ့ပြီး၊ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်ခြင်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် သက်ဆိုင်သူများနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း လာဇာရိုက ပြောကြားသည်။

အဆိုပါ လုပ်ငန်းစဉ်မှာ မလေးရှားနိုင်ငံ ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလမှစတင်၍ ပထမဆုံး စတင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ၏ ထိတွေ့ဆက်ဆံမှုတွင် အဓိကစံနှုန်းနှစ်ရပ်ဖြစ်သော တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ထိရောက်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိရေးတို့မှာ အဓိကကျလျက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Philippine Foreign Secretary Theresa Lazaro speaks during a press conference on the ASEAN Foreign Ministers’ Meeting Retreat in Cebu, Philippines, Thursday, Jan. 29, 2026. (AP Photo/Jacqueline Hernandez)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article