27 C
Yangon

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းသက်သာခွင့်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထား

Must read

ရန်ကုန်၊ မတ် ၂

အကြမ်းဖက်စစ်တပ်က ယနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့တွင် လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်များကို ထုတ်ပြန်ခဲ့သော်လည်း ယင်းထုတ်ပြန်မှုများတွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ မပါဝင်ဘဲ ရည်ရွယ်ချက်ရှိရှိ ချန်ထားရစ်ကြောင်း သိရှိရသည်။

ယနေ့ အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၅ ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်များအနက်မှ အမိန့်အမှတ် ၅/၂၀၂၆ မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြစ် ကြောင်း၊ ယင်းပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်မှာ အမှုအမျိုးမျိုးဖြင့် ကျခံနေရသော ပြစ်ဒဏ်များအနက်မှ ၆ ပုံ ၁ ပုံ သက်သာခွင့်ပြုခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်သက်သာခွင့်မပြုသော အမှုများ စွာကို ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို မတရား ပုဒ်မတပ် အရေးယူထားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများများကို လွတ်ငြိမ်းသက်သာခွင့်မပြုဟု ဖော်ပြထားရာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထားခဲ့ကြောင်း သုံးသပ်ပြောဆိုကြသည်။

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး သမားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တာပါ။ မကြာမီ သူတို့ကို လွှတ်ပေးရမှာပါ” ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဘိုဘိုဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှု၂ခု၊ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) စသည့် ပုဒ်မများစွာဖြင့် အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျော် ချမှတ်ထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှုပုဒ်မများ၊ သဘာ၀ ဘေးစီမံခန့်ခွဲရေး ပုဒ်မများအပါအ၀င် ပုဒ်မများစွာဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ချမှတ်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ လက်ရှိ သူတို့ ထုတ်ပြန်တဲ့ အမိန့်တွေကို ဖတ်ကြည့်ရသလောက်ကတော့ အဲဒီလိုသဘောတရားမျိုးတွေ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အကျုံးမဝင်သလိုဖြစ်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးကာ မတရား အဓမ္မ စစ်အာဏာသိမ်းယူခဲ့ခြင်းဖြစ် သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article