27 C
Yangon

ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ သတိပေး

Must read

ရန်ကုန်၊ မတ် ၂

စစ်အာဏာရှင်တော်လှန်ရေးတွင် ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်စဉ် NUG ယာယီ သမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမှာ ၅ နှစ်တာကာလအတွင်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ တော်လှန်ရေး ဘက်တော် သားများအတွက် အကန့် အသတ်များ တဖြည်းဖြည်း ကြီးမားလာနေကြောင်း၊ ထို့ကြောင့် လူထုကို ဝန်ပိစေသည့် ကိစ္စရပ်များကို သတိထားရမည်ဖြစ် ကြောင်း၊ ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိထားရမည်ဖြစ်ကြောင်း သူက သတိ ပေးပြောဆိုသည်။

“လက်ရှိ အချိန်မှာ နွေဦးတော်လှန်ရေးဟာ ၅ နှစ်တာ ကာလကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ တော်လှန်ရေးအချိန်ကြာ ညောင်း လေလေ၊ လူထုအတွက်ရော တော်လှန်ရေးဘက်တော်သားတွေအတွက်ပါ အထွေထွေ အကန့်အသတ်က၊ တဖြည်း ဖြည်း ကြီးထွား လာတတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ၊ လူထုကို ဝန်ပိစေတဲ့ ကိစ္စရပ်တွေ မဖြစ်ဖို့ အထူးသတိထားစေချင်ပါတယ်။ ဒါ့အပြင် လူထုအကျိုး စီးပွားနဲ့ တော်လှန်ရေးထိရောက်မှု ယှဉ်လာရင်၊ လူထုကို ပိုမိုဦးစားပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူထုယုံကြည်မှု / ပြည်သူ့ ယုံ ကြည် မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံ ကြည်မှု ပျက်ယွင်းသွားရင်၊ တော်လှန်ရေးဆက်လုပ်လို့ မလွယ်ကူနိုင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကော်မရှင်က အစိုးရသစ်ဟု နာမည်တပ်ပြီး နိုင်ငံရေးအသက်ရှုပေါက်ချောင်စေရေး ပြည်သူများကို လှည့်စားရန် လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်စစ်တပ်က နိုင်ငံရေးထွက်ပေါက်အတွက် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီး အုပ်ချုပ်ရေး အသက်ရှုချောင်စေရန် လုပဆောင်နေကြောင်း၊ မကြာမီ အစိုးရသစ်ဟု အမည်တပ်ပြီး ပြည်သူကို ထပ်မံလှည့်စားရန် လုပ်ဆောင်နေကြောင်း၎င်းက ဆိုသည်။

“အခုဆိုရင် စစ်ကော်မရှင်ဟာ သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီး၊ အုပ်ချုပ်ရေးအသက်ရှုပေါင်း ချောင်အောင် လုပ်ဆောင်နေပါတယ်။ သိပ်မကြာခင် အုပ်ချုပ် မှုဖွဲ့စည်းမှုပုံစံတစ်ခုကို ပြောင်းလဲပြီး၊ “အစိုးရသစ်” လို့ နာမည်တပ်ပြီး၊ ပြည်သူကို ထပ်မံ လှည့်စားဖို့ လုပ်နေပြန်ပါတယ်။ ဒါတွေ အားလုံးဟာ စစ်အာဏာရှင်အတွက် အာဏာသက်ဆိုးရှည်စေတဲ့ လုပ်ရပ် တွေဖြစ်သလို၊ နိုင်ငံရေးအသက်ရှုပေါက် ချောင်စေဖို့ လှည့်စားလုပ်ဆောင်တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု NUG သမ္မတက ဆိုသည်။

လက်ရှိအခြေအနေတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖျက်သိမ်းရေးမှာ အလွန်အရေးကြီးပြီး တိုင်း ရင်းသားအချင်းချင်း လူမျိုးရေးပဋိပက္ခ မဖြစ်စေရေး ထိန်းကျောင်းနိုင်ရန် လိုအပ်ကြောင်း NUG ယာယီသမ္မတက ဆက်လက် သတိပေးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article