ရန်ကုန်၊ မတ် ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ထိပ်ပိုင်းအဖွဲ့ဝင်တချို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးတချို့ လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်၊ NLD အစိုးရ အဖွဲ့ ရုံး ဝန်ကြီး ဦးမင်းသူတို့မှာ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည် လွတ်မြောက်လာသည်။
အလားတူ NLD ပါတီမှ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးတာမှာလည်း ယနေ့တွင် ပြန်လည် လွတ်မြောက်လာပြီး ရန်ကုန်တိုင်း ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်နှင့် ဦးဟံထွန်းတို့ပါ အင်စိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ကနဦး ကောက်ခံထားသော အချက် အလက်များအရ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၈၉၅ ဦးလွတ်မြောက်လာကြောင်း သိရှိရသည်။
“ကျနော်တို့ လက်ရှိသိရသလောက်ကတော့ ၅၀ (ည) တို့ ၅၂ (က) တို့ ၁၀ နှစ်အထက်မှာ ကျခဲ့တဲ့ သူတွေလည်း ပါလာတယ်။ တော် တော်များများတော့ လွတ်လာတဲ့အခြေအနေတော့ ကျနော်တို့ တွေ့ရပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ် ဒဏ်ကျခံနေသူ ၇၃၃၇ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂၄၈၇ ဦးကို အမှုရုပ်သိမ်းကြောင်း ယနေ့ နံနက်ပိုင်း ကြေညာချက်ထုတ်ပြန်သည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်က အမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူ ၂၈၂၅ ဦးနှင့် နိုင်ငံ ခြားသား ၁၀ ဦးတို့ကိုလည်း ခံဝန်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း၊ အခြားပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာထားသည်။
ဓာတ်ပုံ- စစ်တပ်က ထုတ်ပြန်ထားသော လွတ်မြောက်လာသည့် NLD ထိပ်ပိုင်းအဖွဲ့ဝင်တချို့နှင့်ဝန်ကြီးတချို့။






