ရန်ကုန်၊ မတ် ၄
ဗြိတိန်အစိုးရက မြန်မာနိုင်ငံမှ ကျောင်းသားများကို ပညာသင်ကြားရေး ဗီဇာ ပိတ်ပင်လိုက်သည့်အပေါ် ရက်စက်သည့် လုပ်ရပ်အဖြစ် Burma Campaign UK က ဝေဖန်လိုက်သည်။
ယူကေအစိုးရက မြန်မာနိုင်ငံအပါအဝင် နိုင်ငံလေးခုမှ နိုင်ငံသားများအား ကျောင်းသားဗီဇာ (Student Visa) ထုတ်ပေးခြင်းကို ပိတ်ပင်လိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် တရားဝင်ကြေညာခဲ့ကြောင်း၊ ယင်းသို့ ပိတ်ပင်ရခြင်းမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံတို့မှ ကျောင်းသားများသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားမှု အလွန်များပြားခဲ့သဖြင့် ဗီဇာစနစ်ကို အလွဲသုံးစားလုပ်ခြင်း (Visa System Abuse) ဟု ယူကေအစိုးရက ယူဆသောကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကဲသို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) ၏ ဆုံးဖြတ်ချက်အပေါ် Burma Campaign UK အဖွဲ့က “အလွန်ရက်စက်ပြီး အမြော်အမြင်ကင်းမဲ့သည့် လုပ်ရပ်” ဟု အပြင်းအထန် ရှုတ်ချကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။
ဗြိတိန်တွင် ပညာသင်ကြားခွင့်သည် ကျောင်းသားတစ်ဦးချင်းစီ၏ ဘဝကို ပြောင်းလဲစေရုံသာမက မြန်မာနိုင်ငံ၏ အနာဂတ်အတွက်ပါ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု Burma Campaign UK အဖွဲ့၏ အစီအစဉ်ညွှန်ကြားရေးမှူး ဇိုယာဖန်းက ထောက်ပြသည်။
ယူကေအစိုးရက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအတွက် အထူးအစီအစဉ်များ ဖော်ဆောင်ပေးရန် ငြင်းဆန်ခဲ့သလို၊ ရောက်ရှိနေပြီးသား ကျောင်းသားများအတွက်လည်း ယာယီအကာအကွယ်ပေးသည့်စနစ် (TPS) မရှိသဖြင့် ကျောင်းသားများမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရန်သာ ဖိအားပေးခံနေရခြင်းဖြစ်သည်။
လတ်တလော ဗြိတိန်အစိုးရ၏ ပိတ်ပင်မှုကြောင့် ယူကေရောက် မြန်မာကျောင်းသားများနှင့် ဆရာဝန်များအကြားတွင် ဗီဇာသက်တမ်းတိုးမရတော့မည်ကို အကြီးအကျယ် စိုးရိမ်နေကြကြောင်း သိရှိရသည်။
ထိုပိတ်ပင်မှုကြောင့် လက်ရှိယူကေတွင် ပညာသင်ကြားနေဆဲ ကျောင်းသားများအကြားတွင်လည်း ဗီဇာသက်တမ်းတိုးရန်နှင့် နေရပ်ပြန်ပြီးနောက် ယူကေသို့ ပြန်လည်ဝင်ရောက်နိုင်မှု (Re-entry) အပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေခြင်းဖြစ်သည်။
“အခုက ကျောင်းတက်နေဆဲ လူတွေတောင် ဗီဇာထပ်တိုးဖို့ ရပါဦးမလား စိတ်ပူနေကြတာ။ ကျွန်တော်ဆို Break မှာ မြန်မာပြန်ဖို့ အကုန်စီစဉ်ပြီးသွားပြီ။ အခု သတင်းတွေ တက်လာတော့ ယူကေပြန်အဝင်အတွက် စိတ်ပူနေရပြီ။ Re-entry မှာ ပြဿနာ ရှိနိုင်မလား။ မြန်မာကို ပြန်ရကောင်းမလား မပြန်ရဘူးလား ဖြစ်နေရပြီ” ဟု ယူကေနိုင်ငံတွင် ကျောင်းတက်ရောက်ဆဲ မြန်မာကျောင်းသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယူကေတွင် ဆေးကုသခွင့်လိုင်စင်အတွက် PLAB စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသည့် မြန်မာဆရာဝန်များမှာလည်း ယခင်ကတည်းက ဗီဇာရရှိရန် ခက်ခဲနေပြီး ယခုအခါ အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရှိရသည်။
ဗြိတိန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို ဦးဆောင်ကိုင်တွယ်ရသည့် နိုင်ငံ (Penholder) ဖြစ်သော်လည်း ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ လုပ်ဆောင်ရန် ပျက်ကွက်နေသည်ဟု ဝေဖန်ခံနေရသည်။
လက်ရှိတွင် အမေရိကန်က မြန်မာနိုင်ငံသားများကို အလည်ဗီဇာအပါအဝင် ဗီဇာအမျိုးမျိုး ပိတ်ပင်ထားသလို၊ ဥရောပနိုင်ငံအများစုကလည်း ဗီဇာတင်းကျပ်ထားသဖြင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာတွင် ပညာသင်ကြားရန်နှင့် အလုပ်လုပ်ကိုင်ရန် လမ်းစများ ပိုမိုကျဉ်းမြောင်းလာနေသည်။




