28 C
Yangon

ဗြိတိန်တွင် မြန်မာနိုင်ငံသားများအတွက် ကျောင်းသား ဗီဇာ ပိတ်ပင်မှုအတွက် British Council Myanmar က တောင်းပန်

Must read

ရန်ကုန်၊ မတ် ၇

မြန်မာနိုင်ငံသားများအတွက် ယူကေကျောင်းသားဗီဇာ (Student Visa) လျှောက်ထားမှုကို ဗြိတိန်အစိုးရက “visa brake” အစီအစဉ်ဖြင့် ပိတ်ပင်ကန့်သတ်လိုက်သည့်အတွက် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများနှင့် မရေရာမှုများအပေါ် ဗြိတိသျှကောင်စီ (British Council Myanmar) က တောင်းပန်ကြောင်း ထုတ်ပြန်သည်။

ယူကေအစိုးရသည် တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာပြီး ခိုလှုံခွင့် (Asylum) တောင်းခံသူ အရေအတွက် အဆမတန် မြင့်တက်လာခြင်းကို ထိန်းချုပ်ရန်အတွက် မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံအပေါ် ယခုကဲ့သို့ မကြုံစဖူး ဗီဇာပိတ်ပင်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာကျောင်းသားများ၏ ခိုလှုံခွင့်တောင်းခံမှုသည် ၁၆ ဆအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဗြိတိသျှကောင်စီက ယူကေတွင် ပညာသင်ယူရန် ပြင်ဆင်နေသည့် မြန်မာကျောင်းသားများနှင့် မိတ်ဖက်အဖွဲ့အစည်းများအတွက် ယခုသတင်းသည် စိုးရိမ်ပူပန်စရာဖြစ်ကြောင်း နားလည်ကြောင်း ဆိုသည်။

၎င်းတို့အနေဖြင့် မြန်မာကျောင်းသားများ၏ ယူကေပညာရေးအပေါ် စိတ်ဝင်စားမှုနှင့် ရည်မှန်းချက်များကို အသိအမှတ်ပြု တန် ဖိုး ထားသော်လည်း၊ ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်၏ သမာသမတ်ကျမှုကို ထိန်းသိမ်းရန်အတွက် ဗြိတိန်အစိုးရက ယခုကဲ့သို့ လုပ် ဆောင်ရခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

ယခု “Visa brake” အစီအစဉ်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ စတင်ကာ အသက် ဝင်မည်ဖြစ်ပြီး၊ ၎င်းသည် ယာယီအစီအစဉ်တစ်ခုသာ ဖြစ်ကာ အခြေအနေများအပေါ် မူတည်၍ ပုံမှန်ပြန်လည်သုံးသပ်သွားမည်ဟု သိရှိရသည်။

ဗြိတိသျှကောင်စီအနေဖြင့် ယခုဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် တောင်းပန်ထားသော်လည်း၊ မြန်မာနိုင်ငံရှိ ကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို အင်္ဂလိပ်ဘာသာစကား၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများမှတစ်ဆင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဟု ကတိပြုထားပါသည်။ နောက်ဆုံးရသတင်းများကို ရန်ကုန်ရှိ ဗြိတိသျှသံရုံး၏ တရားဝင်ချန်နယ်များမှတစ်ဆင့် ဆက်လက်စောင့်ကြည့်ရန်လည်း တိုက်တွန်းထားပါသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာ နှင့် ဆူဒန်နိုင်ငံတို့မှ ကျောင်းသားဗီဇာဖြင့် လာရောက်သူများ၏ ခိုလှုံခွင့်လျှောက်ထားမှုသည် ၄၇၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပြီး ၎င်းတို့သည် ခိုလှုံခွင့်တောင်းခံရန် အလား အလာအရှိဆုံး နိုင်ငံသားများ ဖြစ်လာကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း အလုပ်ဗီဇာဖြင့် လာရောက်သည့် အာဖဂန်နိုင်ငံသားများ၏ ခိုလှုံခွင့်တောင်းခံမှု အရေအတွက်မှာ လက်ရှိထုတ်ပေးထားသော ဗီဇာအရေအတွက်ထက်ပင် ကျော်လွန်နေကြောင်း သိရှိရသည်။

ယခုကဲ့သို့ မကြုံစဖူးသော အရေးယူဆောင်ရွက်မှုအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန (Home Office) သည် အဆိုပါ ၄ နိုင်ငံလုံးမှ ကျောင်းသားဗီဇာ (Sponsored Study Visas) ပေးအပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး အာဖဂန်နိုင်ငံသားများအတွက် ကျွမ်းကျင်လုပ်သားဗီဇာ (Skilled Worker Visas) ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းမည် ဖြစ်သည်ဟု သိရှိရသည်။

၂၀၂၁ ခုနှစ်မှစ၍ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ခိုလှုံခွင့်တောင်းခံမှုသည် သုံးဆကျော် မြင့်တက်လာခဲ့ပြီး၊ ယမန်နှစ်က လျှောက်ထားသူ ၁၀၀,၀၀၀ အနက် ၃၉ ရာခိုင်နှုန်းမှာ တရားဝင်လမ်းကြောင်းမှ ဝင်လာသူများ ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်အတွင်း လူပေါင်း ၁၃၃,၇၆၀ ဦးသည် တရားဝင်ဝင်ရောက်လာပြီးနောက် ခိုလှုံခွင့်တောင်းခံခဲ့ကြသည်။

၎င်းတို့အနက် အများအပြားကို အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြင့် ထောက်ပံ့ကျွေးမွေးနေရပြီး အဆိုပါ ၄ နိုင်ငံမှ လာရောက်သူများသည် အခြေခံလိုအပ်ချက် မပြည့်စုံသူများ (Destitution) အဖြစ် အကူအညီတောင်းခံမှု အချိုးအစားမှာလည်း ပုံမှန်ထက် ပိုမိုမြင့်မားနေသည်ဟု သိရှိရသည်။

လက်ရှိတွင် ခိုလှုံခွင့်တောင်းခံသူများအား ထောက်ပံ့မှုအတွက် တစ်နှစ်လျှင် ပေါင် ၄ ဘီလီယံကျော် ကုန်ကျနေပြီး၊ အဆိုပါ ၄ နိုင်ငံမှ နိုင်ငံသား ၁၆,၀၀၀ နီးပါးကို ပြည်သူ့ဘဏ္ဍာဖြင့် ထောက်ပံ့ထားရကာ ၎င်းတို့အနက် ၆,၀၀၀ ကျော်မှာ ဟိုတယ်များတွင် နေထိုင်နေကြကြောင်း သိရှိရသည်။

စစ်မှန်သော အကူအညီလိုအပ်နေသူများကို ကူညီနိုင်သည့် စွမ်းရည်နှင့် ဂုဏ်ယူဖွယ် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ဗီဇာစနစ်အား ယခုကဲ့သို့ အလွဲသုံးစားလုပ်ခြင်းကို အစိုးရက နှိမ်နင်းသွားမည်ဟုဆိုသည်။

ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) သည် ဗြိတိန်နယ်စပ်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဥပဒေအသစ်ကို ယခုအပတ်တွင် တင်သွင်းမည်ဖြစ်ပြီး၊ အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် ဗြိတိန်၏ တန်ဖိုးထားမှုများနှင့် မည်သို့ကိုက်ညီကြောင်း ကြာသပတေးနေ့တွင် IPPR မူဝါဒရေးရာအဖွဲ့၌ မိန့်ခွန်းပြောကြားမည်ဟု သိရှိရသည်။

ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က “ဗြိတိန်နိုင်ငံသည် စစ်ပွဲနှင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာသူများကို အမြဲတမ်း ခိုလှုံခွင့်ပေးသွားမည် ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ဗီဇာစနစ်ကို အလွဲသုံးစား မလုပ်ရပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရက်ရောမှုကို အခွင့်ကောင်းယူရန် ကြိုးစားနေသည့် အဆိုပါ နိုင်ငံသားများအား ဗီဇာငြင်းပယ်ရန် မကြုံစဖူး ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နယ်စပ်များတွင် စနစ်တကျ ပြန်လည်ထိန်းချုပ်သွားမည်ဖြစ်သည်” ဟု ပြောကြားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ စက်တင်ဘာလအထိ အာဖဂန်နစ္စတန်နိုင်ငံသားများအား ထုတ်ပေးသော ကျောင်းသားဗီဇာ အရေအတွက်နှင့် ခိုလှုံခွင့်တောင်းခံမှု အချိုးအစားမှာ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ အလားတူကာလအတွင်း မြန်မာနိုင်ငံမှ ကျောင်းသားများ၏ လျှောက်ထားမှုသည် ၁၆ ဆအထိ မြင့်တက်လာခဲ့သည်။

ကင်မရွန်းနှင့် ဆူဒန်နိုင်ငံမှ ကျောင်းသားများ၏ တောင်းခံမှုမှာလည်း ၃၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ရာ ယူကေ၏ ခိုလှုံခွင့်စနစ်အပေါ် မခံမရပ်နိုင်လောက်အောင် ခြိမ်း ခြောက်မှုဖြစ်လာစေကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားခိုလှုံခွင့်တောင်းခံမှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သော်လည်း ကျောင်းသားဗီဇာဖြင့် လာရောက်သူများသည် ခိုလှုံခွင့်လျှောက်ထားမှု စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်း ရှိနေသေးသောကြောင့် နောက်ထပ် အရေးယူမှုများ လိုအပ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း ခိုလှုံခွင့်ထောက်ပံ့မှု ကုန်ကျစရိတ်မှ ပေါင် ၁ ဘီလီယံအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ အန္တရာယ်ရှိသော လှေငယ်များဖြင့် ဖြတ်ကူးမှုကို လျှော့ချရန်အတွက် ဒုက္ခသည်များအား အကာအကွယ်ပေးသည့် ကာလကို မတ်လ ၂ ရက်နေ့မှစ၍ ၃၀ လ (နှစ်နှစ်ခွဲ) အထိ ထက်ဝက်လျှော့ချလိုက်ကြောင်း အတည်ပြုပြီးနောက် ရက်ပိုင်းအတွင်း ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ပြည်ထဲရေးဝန်ကြီးက အင်ဂိုလာ၊ နမီးဘီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့မှ အစိုးရများအနေဖြင့် တရားမဝင် ဝင်ရောက်လာသူများကို ပြန်လည်လက်ခံရန် သဘောမတူပါက ယူကေဗီဇာအားလုံးကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

လေးလအကြာတွင် အဆိုပါ ၃ နိုင်ငံလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိခဲ့ပြီး၊ တရားမဝင် ဝင်ရောက်လာသူများနှင့် ပြစ်မှုကျူးလွန်ထားသည့် နိုင်ငံခြားသားများကို လေယာဉ်များဖြင့် ပြန်လည်ပို့ဆောင်နေပြီ ဖြစ်သည်။

ခိုလှုံခွင့်စနစ်အား စနစ်တကျ ပြန်လည်ထိန်းချုပ်ပြီးပါက အန္တရာယ်ရှိသော လှေငယ်များဖြင့် ဝင်ရောက်ခြင်း၏ အစားထိုး လမ်းကြောင်းအဖြစ် လုံခြုံစိတ်ချရသော တရားဝင်လမ်းကြောင်းအသစ်များကို သတ်မှတ်အရေအတွက်ဖြင့် ဖွင့်လှစ်ပေးမည်ဟုလည်း အစိုးရက ကတိပြုထားသည်။

ဗြိတိန်နိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ နေရာချထားရေး အစီအစဉ်နှစ်ခုမှတစ်ဆင့် အာဖဂန်နိုင်ငံသား ၃၇,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှု လမ်းကြောင်းများမှတစ်ဆင့် ဗီဇာပေါင်း ၁၉၀,၀၀၀ ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ယူကေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လွှဲပြောင်းပေးသော ဒုက္ခသည်များအား ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အများဆုံး ပြန်လည်နေရာချထားပေးသည့် နိုင်ငံဖြစ်ပြီး၊ ယင်းမှာ အမှန် တကယ် လိုအပ်နေသူများကို ကူညီရန် အစိုးရ၏ ကတိကဝတ်ကို ဖော်ပြနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယခု ဗီဇာကန့်သတ်ချက် (Visa Brake) ကို လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများ ပြောင်းလဲမှုအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article