ရန်ကုန်၊ မတ် ၁၅
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိ ပစ္စည်းများကို ဆက်တိုက် ခိုးယူနေကြောင်း မြေပြင် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ကိုနတ်ဆိုးနဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၉ ရက်နေ့တွင် ပခုက္ကူတပ်မ ၁၀၁ မှ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ သို့ ရောက်ရှိလာသော စစ်တပ် ရိက္ခာယာဉ်နှင့် ခြေလျင် စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းက ချက်ကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကလေးငယ် ၁ ဦး အပါအဝင် တယ်ပင်ကန်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၃ ဦးတို့ကို ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဖိုးကြီး ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူသွားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ချက်ကန်ရွာ၊ရန်ကင်းရွာ၊ ဝန်လဲအထက်စုရွာ၊ မှန်ထောင်ကွင်းစစ်ရှောင်ရွာ၊ တယ်ပင်ကန်ရွာ၊ ပေခုနစ်ပင်ရွာ၊ ဖိုးဖြူလုံ့ကန်ရွာ၊ ဘုရားတောင်ရွာနှင့် ရေပြာရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးတွေက မတ်လ ၉ ရက်နေ့ကစတင်ပြီးတော့ ပခုက္ကူတပ်မ ၁၀၁ ကနေ ဆိပ်ဖြူနယ်မြောက်ပိုင်း ကပစ ၂၂ ကိုရောက်လာပြီး ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ မတ်လ ၁၂ ရက်နေ့ မှာ ချက်ကျေးရွာက ကလေး၁ ဦးကို ဖမ်းဆီးထားတယ်။ မတ်လ ၁၄ ရက်နေ့မှာ အဲဒီ စစ်ခွေးစစ်ကြောင်းက စစ်ရှောင် ပြည်သူ ၃ ဦးကို ထပ်ဖမ်းဆီးတယ်။ စစ်ရှောင်ပြည်သူ ၃ ဦးကို စစ်ခွေးတွေက ပြန်လွတ်ပေးတယ်လို့ သိရတယ်။ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ ကလေး ၁ ဦးကတော့ ပြန်မလွတ်သေးဘူး။ စစ်ခွေးတွေက နေအိမ်ရှိ တန်းဖိုးကြီးမားတဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရတယ်။ အခု စစ်ခွေး စစ်ကြောင်းက ပုသိမ်-မုံရွာ လမ်းနဲ့ ပေါက်-ဆိပ်ဖြူလမ်း တို့ဆုံတဲ့ ရောင်နီထွန်းဆိုင်နားမှာရှိနေတယ်လို့သိရတယ်” ဟု မြေပြင် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ကိုနတ်ဆိုးနဂါးကပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော်တို့ မသိရသေးဘူး ဆက်လက်စုံစမ်းဆဲပါ။ စစ်ခွေးတွေ ကျဲသွားတာကို ကျွန်တော်တို့ တွေ့လိုက်တယ်။ အသေးစိတ်ကို မသိရသေးဘူး။ ပြည်သူများအနေဖြင့် စစ်ခွေးကြောင်းနှင့် လေကြောင်း အန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ရွာတွင် ရေချိုးနေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




