30 C
Yangon

စစ်လော်ဘီ ငါးမင်းဆွေကို ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးက လာဖမ်းပြန်၊ အရှင်အဖမ်းမခံဘဲအလောင်းသာ ရမည်ဟု ငါးမင်းဆွေ တုံ့ပြန်

Must read

ရန်ကုန်၊ ဧပြီ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နေထိုင်သော စစ်လော်ဘီ ငါးမင်းဆွေကို ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးက လာရောက်ဖမ်းဆီးနေပြီး ၎င်းအနေဖြင့် အရှင်အဖမ်းခံတော့မည်မဟုတ်ဘဲ အလောင်း သာ ရမည်ဟု ငါးမင်းဆွေက လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်၍ တုံ့ပြန်ပြောဆိုသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ချိန်မှစတင်၍ ငါးမင်းဆွေက သူ၏ တစ်တော့လူမှုကွန်ရက်စာ မျက်နှာတစ်ဆင့် Live လွှင့်ပြောကြားရာတွင် ၎င်း၏ နေအိမ်လှေကားထိပ်တွင် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲစခန်းမှူးက လာရောက် ဖမ်းဆီးနေကြောင်း၊ ငါးမင်းဆွေ အကောင့်တုမှ တင်သော အကြောင်းအရာများမှာ ၎င်းနှင့်မသက်ဆိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် ဖမ်းဆီးခံခဲ့ရစဉ်ကလည်း ငါးမင်းဆွေ လူမှုကွန်ရက်အကောင့်တုက ဆက်ရေးသားနေကြောင်း၊ ငါးမင်းဆွေ အကောင့်တုက ရေးသားမှုများသည် သူနှင့်မသက်ဆိုင်ကြောင်း ပြောဆိုသည်။

“ကျနော်က ပြောပြတယ်။ အရင်တစ်ခါတုန်းကလည်း ကျနော်မဟုတ်ဘဲနဲ့ ကျနော့်ကို လုပ်ပြီးပြီ။ အဲဒီတုန်းကလည်း အဲဒီအကောင့်အတုက ကျနော်ရဲစခန်းမှာ အချုပ်ခံရစဉ်ကလည်း အကောင့်အတုက ဆက်ရေးနေတယ်။ ကျနော်အင်းစိန်ထောင်မှာ အချုပ်ခံရတော့လည်း အကောင့်အတုက ဆက်ရေးနေတယ်။ ဒါအကောင့်တုမှန်းသိသိကြီးလေ။ အဲဒါ မြို့နယ်မှူးတို့ ဖော်ထုတ်ပေါ့။ ” ဟု ငါးမင်းဆွေက ရှင်းပြသည်။

ယခင်ကလည်း အကောင့်တုမှန်း သိလျက်နှင့် ဖမ်းဆီးထောင်ချခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း အဖမ်းခံလိုက်ပါက ထောင်ချဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှင်အဖမ်းမခံနိုင်ကြောင်း ငါးမင်းဆွေက ဆိုသည်။

“ကျနော့်ကို အရှင်တော့မရဘူး။ ကျနော့်အလောင်းပဲရမယ် မြို့နယ်မှူး။ အလောင်းပဲရမယ်။ ခင်ဗျားတို့ကို ကျနော် မယုံတော့ဘူး။ တစ်ခါ ကျနော့်ကို မဟုတ်ဘဲနဲ့ လုပ်ပြီးပြီ” ဟု ငါးမင်းဆွေက ပြောဆိုသည်။

ယခု သတင်းဖော်ပြနေချိန် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး၊ စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များက ငါးမင်းဆွေ၏ အိမ်ကို တံခါးဖျက်ကာ ငါးမင်းဆွေကို ဝင်ရောက် ဖမ်းဆီးလျက်ရှိသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်ခဲ့သော ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမှုဖြင့် ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း၊ ငါးမင်းဆွေက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့သော ငါးမင်းဆွေ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ငါးမင်းဆွေ(ခ) ဦးမင်းဆွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ငါးမင်းဆွေကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လွတ်ငြိမ်းဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

ငါးမင်းဆွေသည် ခေတ်အဆက်ဆက် စစ်တပ်ထောက်ခံသူဖြစ်ပြီး ၂၀၁၈ ခုနှစ် NLD အစိုးရ အာဏာရရှိစဉ်အချိန် ငါးမင်းဆွေက ၂၀၁၈ ခုနှစ်၊ မေလ ၁၆ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားဝေဖန်ခဲ့ကြောင်း၊ တပ်နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူ ဖြစ်ကြောင်း ရေးသားခဲ့သည်။

ထိုသို့ ရေးသားပုတ်ခတ်မှုအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ် ငွေဒဏ် ၁ သိန်းကျခံစေရန် ရန်ကုန်အနှောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ယင်းနောက် စစ်အဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်ရရှိကာ သူပြန်လွတ်လာခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article