ရန်ကုန်၊ ဧပြီ ၁၄
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ လက်ယက်စခန်းသို့ စစ်ကူပေးရန် လာသော စစ်တပ် စစ်ကြောင်းနှင့် စခန်းစွန့်ခွာသွားသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
ဧပြီလ ၄ ရက်နေ့မှ စတင်ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း)ကို တော်လှန်ရေး တပ်ဖွဲ့များက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ယက်စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးရှိကြောင်း သိရသည်။
ထိုစခန်းသိမ်း တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်သို့ စစ်ကူပေးရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းများနှင့် စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း MA-1 သေနတ် ၃ လက်၊ MA-11 သေနတ် ၄ လက်၊ MA-4 သေနတ် ၁ လက်၊ ၅.၅၆ (ကပစ) ကျည် ၇၉၆ တောင့်၊ စက်လက်ကျည် ၆၀၀ တောင့်၊ RPG ဗုံး ၈ လုံး၊ RPG ပို့ယမ်း ၆ တောင့်၊ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ အီနာဂါ ၁ လုံး၊ နင်းမိုင်း ၁၅ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကပ်သီး ၅ ခု၊ မီးကြိုးခွေ ၁ ခွေ၊ MA11 ကျည်ဘောက် ၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ ကျည်ကာ ၅ စုံ၊ လွယ်အိတ် ၁၀ လုံး၊ ဆေးအိတ် ၁ လုံး၊ Jammer အကြီး ၂ လုံး၊ မီးစက် ၂ လုံးနှင့် အင်ဗာတာ ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ အမှတ် (၅၁၀၂) တပ်ရင်းနှင့် အမှတ် (၅၁၀၃) တပ်ရင်းတို့ပါဝင်ခဲ့ပြီး အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လက်ယက်စခန်းကုန်း (ပွိုင့် ၁၂၈ စခန်း) ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်လွှင့်တင်ခဲ့ကြောင်း သိရသည်။






