27 C
Yangon

အက်ဒမန်ပင်လယ်တွင် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါသော စက်လှေ နစ်မြုပ်ပြီး လူ ၂၅၀ ခန့် ပျောက်ဆုံးနေဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၁၅

ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ တင်ဆောင်လာသည့် စက်လှေတစ်စီးသည် အက်ဒမန်ပင်လယ် (Andaman Sea) အတွင်း၌ နစ်မြုပ်သွားခဲ့သဖြင့် လူပေါင်း ၂၅၀ ခန့် ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) တို့က ဧပြီလ ၁၄ ရက်နေ့ ပူးတွဲသတင်းထုတ်ပြန်သည်။

အဆိုပါ ကုန်တင်စက်လှေ (Trawler) ပေါ်တွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၂၅၀ ခန့် လိုက်ပါလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ တက္ကနာ့ဖ် (Teknaf) မြို့မှ မလေးရှားနိုင်ငံသို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ပြင်းထန်သော လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်လှိုင်းကြီးခြင်းနှင့် စက်လှေပေါ်တွင် လူဦးရေအဆမတန် တင်ဆောင်လာခြင်းတို့ကြောင့် စက်လှေနစ်မြုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဖိနှိပ်မှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၏ ကျပ် တည်းမှုများမှ လွတ်မြောက်ရန်အတွက် ရိုဟင်ဂျာဒုက္ခသည်များသည် နှစ်စဉ် မခိုင်ခံ့သော သစ်သားစက်လှေများဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ရန် ကြိုးပမ်းလေ့ရှိကြသည်။

ကုလသမဂ္ဂအေဂျင်စီများက ယခုဖြစ်ရပ်သည် ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့သော အဖြေတစ်ခု မရှိသေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ် လူသားချင်းစာနာမှုဆိုင်ရာ ပေးဆပ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်ခံထားသည့် ဒေသခံလူထုအတွက် လိုအပ်သော အကူအညီများပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးကြရန်လည်း ကုလသမဂ္ဂက တိုက်တွန်းနှိုးဆော်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါစစ်ဆင်ရေးများတွင် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ ပါဝင်နေသည်ဟု ကောက်ချက်ချထားသော်လည်း မြန်မာအကြမ်း ဖက်စစ်တပ်ကမူ ယင်းစွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုထားသည်။

ဓာတ်ပုံ- ရိုဟင်ဂျာဒုက္ခသည်များက သစ်သားစက်လှေများဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ရန် ကြိုးပမ်းလေ့ရှိကြသည်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article