27 C
Yangon

မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းတို့ကြောင့် လူငယ်ပေါင်း ၅ သိန်းခန့်မှာ နိုင်ငံမှ ထွက်ခွာသွားခဲ့ရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၅

မြန်မာနိုင်ငံတွင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းနှင့် ဖိနှိပ်မှုများကြောင့် မြန်မာလူငယ်ပေါင်း ၅ သိန်းခန့်မှာ နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်တွင် တင်ပြပြောဆိုလိုက်သည်။

ဧပြီလ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပနေသည့် ၅၉ ကြိမ်မြောက် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် အစည်းအဝေး၏ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းတို့ကြောင့် လူငယ်ပေါင်း ၅ သိန်းခန့်မှာ နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ရကြောင်း UNDP ၏ အစီရင်ခံစာကို ကိုးကား၍ သံအမတ်ကြီးက ပြောဆိုသည်။

စစ်အာဏာရှင်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နည်းပညာကို ပြည်သူလူထုအား ဖိနှိပ်ရန်၊ နိုင်ထက်စီးနင်းပြုကျင့်ရန်နှင့် သတင်းမှားများ ဖြန့်ဝေရန်အတွက် လက်နက်သဖွယ် အသုံးချနေကြောင်း သံအမတ်ကြီးက ထောက်ပြခဲ့သည်။

အထူးသဖြင့် အမျိုးသမီးများ၏ အခြေခံရပိုင်ခွင့်များကို ခြိမ်းခြောက်ရန် ဒစ်ဂျစ်တယ်နည်းပညာသုံး ကျား-မ အခြေပြု အကြမ်း ဖက်မှုများကို လုပ်ရိုးလုပ်စဉ်အတိုင်း ကျူးလွန်နေသည်ဟု ဆိုသည်။

အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဝက်ဘ်ဆိုက်များ ပိတ်ဆို့ခြင်းတို့ကြောင့် ဒစ်ဂျစ်တယ်ခေတ်တွင် လူငယ်များ၏ ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း၊

စစ်အုပ်စုသည် AI နည်းပညာ၊ မျက်နှာမှတ်သားစနစ် (Facial Recognition) နှင့် CCTV များ အသုံးပြုထားသည့် လူတစ်ဦးချင်းစီ စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (PSMS) ကို အသက်သွင်းကာ CDM ဝန်ထမ်းများနှင့် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖော်ထုတ်ဖမ်းဆီးနေကြောင်း၊ အဆိုပါ နည်းပညာနှင့် စနစ်များကို အခြားအဖွဲ့ဝင်နိုင်ငံအချို့မှ တင်သွင်းရရှိထားခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည်သာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သော်လည်း ဖျက်ဆီးရေးကိုသာ ရွေး ချယ် ထားသော စစ်အာဏာရှင်အုပ်စုတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရော အခန်းကဏ္ဍပါ မရှိသည်မှာ ထင်ရှားကြောင်း ၎င်းက ဆိုသည်။

အခြားတစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးဆောင်ညှိနှိုင်းရေးကောင်စီ (SCEF) ကို ဖွဲ့စည်းကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သက်သေပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူများနှင့် SCEF အား ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article