30 C
Yangon

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီတွင် တော်လှန်ရေး အင်အားစုများအားလုံး ပါဝင်လာရေး ကြိုးပမ်းပြီး စစ်မိစ္ဆာကို ညီညွတ်မှုဖြင့် ရင်ဆိုင်တိုက်ပွဲဝင်မည်ဟု NUG ယာယီသမ္မတ ပြော

Must read

ရန်ကုန်၊ ဧပြီ ၁၆

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီတွင် တော်လှန်ရေး အင်အားစုများအားလုံး ပါဝင်လာရေး ကြိုးပမ်းပြီး စစ်မိစ္ဆာကို ညီညွတ်မှုဖြင့် ရင်ဆိုင်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့နှင့် မြန်မာ့နှစ်သစ်ကူးနေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ မိန့်ခွန်းပြောကြားရာတွင် သူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေး၏ ညီညွတ်ရေးပြယုဂ်ဖြစ်ပြီး စစ်မိစ္ဆာကို ညီညွတ်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကောင်စီတွင် KIO, KNU, KNPP (IEC), CNF, CRPH နှင့် NUG အစိုးရတို့ ကနဦးအနေဖြင့် ပါဝင်ဖွဲ့စည်းထားပြီး၊ မပါဝင်သေးသည့် အင်အားစုများ ပါဝင်လာရေးကိုလည်း ဆက်လက်ကြိုးပမ်းသွားမည်ဟု ၎င်းက အခိုင်အမာ ပြောဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ဒါဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ထွက်ပေါ်လာတဲ့ တော်လှန်သောညီညွတ်ရေးအင်အားစုဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ တော်လှန်ရေးမှာ ညီညွတ်ရေးဟာ အဓိကကျပါတယ်။ SCEF ဖွဲ့စည်းမှုဟာ တော်လှန်ရေးကို အရင်လို တစုတဖွဲ့တည်း တိုက်နေတာထက်၊ ညီညွတ်တဲ့ မဟာဗျူဟာတစ်ခုအောက်မှာ အရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

နွေဦးတော်လှန်ရေး​ ၅ နှစ်ကျော်ကာလအတွင်း အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်များကို ဖန်တီးနိုင်ခဲ့ပြီး အောင်မြင်ရန် ကြိုးစားနေဆဲ အခြေအနေများကိုလည်း ဖြတ်သန်းနေရကြောင်း၊ တစ်ဖက်တွင်လည်း ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် လျှောက်လှမ်းရင်း၊ စိန်ခေါ်ချက်အမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ကိုလည်း ပြည်သူလူထုတစ်ရပ်လုံးထံသို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအကျပ် အတည်းနှင့် သမိုင်းဆိုင်ရာ နာကျည်းချက်များကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရန် ကြိုးစားခဲ့ရကြောင်း သူက ရှင်းပြသည်။

ထို့ပြင် စစ်အုပ်စု၏ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော သွေးခွဲအုပ်ချုပ်မှုနှင့် စနစ်ဆိုးများကြောင့် အခက်အခဲများရှိသော်လည်း နွေဦးတော်လှန်ရေးက သမိုင်းဝင်ညီညွတ်မှုကို ပေးခဲ့ကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း စုစည်းမိသွားခြင်းသည် အကြီးမားဆုံးသော ခွန်အားဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတရားဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များနှင့် ပတ်သက်၍လည်း “ကျွန်တော်တို့ရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အခြေအနေကို တစ်မိနစ်တစ်စက္ကန့်မျှ မေ့လျော့ခြင်းမရှိကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ သူတို့အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုပါတယ်” ဟု မိန့်ခွန်းတွင် သူက ထည့်သွင်းပြောကြားခဲ့သည်။

စစ်တပ်အတွင်းရှိ စစ်ဗိုလ်စစ်သားများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်လက်အောက်မှ အမြန်ဆုံးရုန်းထွက်ကြရန် သမ္မတကတိုက်တွန်းသည်။

“ပြည်သူကို အလုပ်အကျွေးပြုရမယ့် တပ်မတော်ဟာ ပြည်သူ့ဆန္ဒကို လျစ်လျှူမရှုသင့်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဓိကတရားခံဘဝကို ရောက်နေပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ဆိုတဲ့ ဂုဏ်ပုဒ်ကနေ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူချစ်သော တပ်မတော်အဖြစ် ပြန်လည်အဖက်ဆယ်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု သူက ပြောဆိုသည်။

တော်လှန်ရေးခရီးလမ်းတွင် အရင်းအမြစ်နှင့် အတွေ့အကြုံ အကန့်အသတ်များကြောင့် လက်လွှတ်ခဲ့ရသော ဆုံးရှုံးမှုများရှိခဲ့သည်ကိုလည်း ရိုးသားစွာ တင်ပြခဲ့ပြီး အမှားများကို သင်ခန်းစာယူကာ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“စစ်တပ်က လက်နက်နဲ့ ငွေကြေး သာလွန်ကောင်း သာလွန်နိုင်ပေမဲ့၊ ကျွန်ုပ်တို့မှာ သူတို့မရှိတဲ့ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တရားမျှတမှု ရှိပါတယ်။ ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့ပဲ ရှိပါတယ်” ဟု ပြောကြားရင်း “အရေးတော်ပုံမုချအောင်ရမည်” ဟု သမ္မတက သန္နိဋ္ဌာန်ပြုကာ မိန့်ခွန်းကို အဆုံးသတ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article