NUG ၊ KNU အပါအဝင် တိုင်းရင်းသားများနှင့် တော် လှန်ရေးအင်အားစုများ တက်ရောက်
ရန်ကုန်၊ ဧပြီ ၁၆
မြန်မာ့အရေး ၇ ကြိမ်မြောက် အမေရိကန်ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ယနေ့ ကျင်းပပြီး NUG ၊ KNU အပါ အဝင် တိုင်းရင်းသားများနှင့်တော်လှန်ရေးအင်အားစုများ တက်ရောက်ကြကြောင်း အဆိုပါပွဲကို စီစဉ်သော်မြန်မာနိုင်ငံသုတေသနအဖွဲ့ (Burma Research Institute – BRI) က သတင်း ထုတ်ပြန်သည်။
အမေရိကန်စံတော်ချိန် ဧပြီလ ၁၅ ရက်နေ့ (မြန်မာစံတော်ချိန် ယနေ့ ဧပြီလ ၁၆ ရက်နေ့) အဆိုပါ ရှင်းလင်းတင်ပြပွဲကို “ဟန်ပြရွေးကောက်ပွဲများအလွန် အမေရိကန်၏ အခွင့် အလမ်းနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဝါရှင်တန်ဒီစီရှိ Dirksen Senate Office Building ၌ ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Chris Van Hollen ၏ ပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး လူကိုယ်တိုင်ရော အွန်လိုင်းမှပါ တက်ရောက်နိုင်သည့် စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အရေးဆွေးနွေးပွဲတွင် အမေရိကန် လွှတ်တော်အမတ်များနှင့် မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်နေသူများက အသီးသီး အမှာစကား ပြောကြားခဲ့ကြပြီး အထက် လွှတ် တော်အမတ် Chris Van Hollen: မြန်မာ့အရေးတွင် အမေရိကန်၏ အခန်းကဏ္ဍနှင့် ပတ် သက်၍ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားသည်။
ယင်းဆွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ်စား လက်ရှိမြန်မာ့အခြေ အနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းလင်းပြောဆိုခဲ့ပြီး
ကရင်နီပြည်ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်ကလည်း ကရင်နီပြည်နယ်၏ အခြေအနေနှင့် တော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍကို တင်ပြခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ကိုယ်စား အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းကလည်း ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောဆိုခဲ့ပြီး BRI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ့အရေး ကျွမ်းကျင်သူများနှင့် တိုင်းရင်းသားခေါင်းဆောင်များလည်းဖြစ်တက်ရောက်ခဲ့ကြပြီး ဦးကျော်ဇော် (NUG သမ္မတ၏ အကြံပေး)၊ပဒိုစောတောနီး (KNU ပြောရေးဆိုခွင့်ရှိသူ)၊ဦးမိုးဇော်ဦး (NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး)၊
မေစံပယ်ဖြူ (အမျိုးသမီးအရေးလှုပ်ရှားသူ)၊ ဦးထွန်းခင် (BROUK ဥက္ကဋ္ဌ)တို့ကလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ရှင်းလင်းပွဲတွင် မြန်မာစစ်တပ်၏ “ဟန်ပြရွေးကောက်ပွဲများ” အပေါ် အမေရိကန်အစိုးရက မည်သို့တုံ့ပြန်သင့်သည်နှင့် တော်လှန်ရေးအင်အားစုများကို မည်သို့ထိရောက်စွာ ကူညီပေးနိုင်မည်နည်းဆိုသည့်အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။






