ရန်ကုန်၊ ဧပြီ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ PSLF/TNLA ထိန်းချုပ်နယ်မြေ၊ မိုင်းငေါ့မြို့တွင် ဖွင့်လှစ်ထားသည့် အ ခြေခံပညာအထက် တန်းကျောင်း – မိုင်းငေါ့ က မင်းအောင်လှိုင်ကို သမ္မတအဖြစ်ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည့် PSLF/TNLA ကို အထူးကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
အခြေခံပညာအထက်တန်းကျောင်း – မိုင်းငေါ့သည် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှ စတင်၍ တအာင်း ပြည်ပညာရေးကောင်စီမှ တာဝန်ယူဖွင့်လှစ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်သည့် အချိန်ကတည်းကပင် CDM ဆရာ/ဆရာမ များ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်စွာထုတ် ဖော် ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို စာသင်ကျောင်းများ၌ အထူးအရေးပေး သင်ကြားရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်အုပ်စုမှ အခြေခံပညာအထက်တန်းကျောင်း – မိုင်းငေါ့ကို လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲဖျက်ဆီးခဲ့ပြီး ယခုအချိန်အထိပြိုပျက်လျက်ရှိသော အုတ် တံတိုင်းများမှာ သက်သေအဖြစ်တည်ရှိနေကြောင်း၊ ထို့အတူ အကြမ်းဖက်စစ်အုပ်စုသည် ယနေ့ အချိန်အထိ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်ဘက်နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကျဲလျက်ရှိကြောင်း ဆက်လက် အသိပေးထားသည်။
TNLA ထိန်းချုပ်ထားရာ ဒေသများရှိစာသင်ကျောင်းအချို့တွင်လည်း စစ်အုပ်စု၏ အကြမ်းဖက်လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပြိုပျက်ခဲ့ရသည်မှာ ယနေ့အထိ ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း၊ အ ကြမ်းဖက် မင်းအောင်လှိုင်သည် မည့်သည့်အဖွဲ့အစည်းမှ အသိအမှတ်မပြုသော ၎င်းအလိုကျ ရွေး ကောက်ပွဲအတုမှ သမ္မတ ဖြစ်လာသည်ကို လုံးဝ (လုံးဝ) လက်ခံနိုင်ဖွယ်မရှိကြောင်း အခြေခံပညာ အထက်တန်းကျောင်း – မိုင်းငေါ့ ၏ ကြေညာချက်တွင် ထုတ်ဖော် ပြောဆိုသည်။
မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းအား ကြိုဆိုဂုဏ်ပြုသော အဖွဲ့အစည်းအားလုံးကို အထူးပင် ကန့်ကွက်ရှုံ့ချကြောင်း၊ ထို့အတူ အကြမ်းဖက်စစ်အုပ်စု အပါအဝင် ၎င်းတို့နှင့် ပူပေါင်းပါဝင်သူများကို သမိုင်းတရားခံအနေဖြင့် မှတ်တမ်းတင် သွားမည်ဖြစ်ကြောင်း အထက မိုင်းငေါ့ဆရာ/မ များနှင့် ကျောင်းသူ/သားများ က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် ဖမ်းဆီးအကျဉ်းချထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အခြေခံပညာအထက်တန်းကျောင်း – မိုင်းငေါ့ က တောင်း ဆိုထား သည်။




