30 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုများ၊ ကျားဖြန့်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာစစ်တပ်နှင့်ဆက်နွယ်နေသော DKBA ၊ BGF တို့က ကာကွယ်ပေးကာ လည်ပတ်နေ၍ တိုက်ဖျက်ရန် KNU က အမေရိကန်ကို အကူအညီတောင်း

Must read

ရန်ကုန်၊ ဧပြီ ၁၆

ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုများ၊ ကျားဖြန့်များနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာ စစ်တပ်နှင့်ဆက်နွယ်နေသော BGF ၊ DKBA လက်နက်ကိုင်များက ကာကွယ်ပေးကာ လည် ပတ်နေ၍ တိုက်ဖျက်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU က အမေရိကန်ကို အကူအညီတောင်းလိုက်သည်။

ဧပြီလ ၁၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် မြန်မာ့အရေး ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲတွင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် လုပ်ဆောင်နေသော ငွေလိမ်ဂိုဏ်း (Scam Compounds) များ ပြန့်ပွားလာသည့် အကျပ်အတည်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မူဝါဒဆိုင်ရာ မူဘောင်ကို ထပ်လောင်း အတည်ပြုလိုကြောင်း၊ အဆိုပါ ကွန်ရက်များသည် လူကုန်ကူးမှု၊ အဓမ္မခိုင်းစေ၍ ဆိုင်ဘာလိမ်လည်မှုများ ပြုလုပ်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ဖွဲ့စည်းပုံပျက် ရာဇ၀တ်မှုများနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေပြီး မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့၏ အကာအကွယ်ပေးမှုအောက်တွင် လည်ပတ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်နက်ကိုင်အင်အားစုများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေပြီး ဒေသန္တရအုပ်ချုပ်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လူသားလုံခြုံရေးတို့ကို ဆက်လက် ထိခိုက်ပျက်စီးစေသည့် အဆိုပါရာဇ၀တ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ထပ်မံချဲ့ထွင်လာခြင်းနှင့် စစ်ရေးအရ အားကောင်းလာခြင်းတို့ကို တားဆီးရန် KNU ပြတ်သားသော သန္နိဋ္ဌာန် ရှိနေသည်ဟု သူက ဆိုသည်။

သို့သော်လည်း KNU အနေဖြင့် ရင်ဆိုင်နေရသည့် ကန့်သတ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောကြားရမည် ဖြစ်ကြောင်း၊ အဆင့်မြင့်ပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသော၊ အလှမ်းကျယ်သော အဆိုပါနယ်စပ်ဖြတ်ကျော် ရာဇ၀တ်ကွန်ရက်များကို KNU တစ်ဖွဲ့တည်းက ဖြိုဖျက်၍ မရနိုင်ကြောင်း၊ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ဖြစ်လာစေရန် ရေရှည်တည်တံ့သော နည်းပညာ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုများ လိုအပ်သလို၊ သက်ဆိုင်ရာ နိုင်ငံများနှင့် အဖွဲ့အစည်းများအကြား ဟန်ချက်ညီသော ဦးဆောင်မှုလည်း လိုအပ်ကြောင်း KNU က ပြောသည်။

ထို့ကြောင့် KNU အပါအဝင် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများကို အဆိုပါ ကွန်ရက်များကို ရင်ဆိုင်ရာတွင် မရှိမဖြစ်လိုအပ်သော မိတ်ဖက်များအဖြစ် အသိအမှတ်ပြု၍ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော၊ အားလုံးပါဝင်သော၊ လက်တွေ့မြေပြင်လုပ်ငန်းအပေါ် အခြေခံသော ချဉ်းကပ်မှုများဖြင့် ထိတွေ့ဆက်ဆံရန် KNU က တောင်းဆိုသည်။

ယင်းအခြေအနေတွင် ဥပဒေစိုးမိုးရေးနှင့် နယ်စပ်ရေးရာ အေဂျင်စီများ အပါအဝင် ထိုင်းအာဏာပိုင်များနှင့် ဆက်သွယ်ရေးနှင့် ပူးပေါင်းညှိနှိုင်းမှုများကို ထိန်းသိမ်းထားရန်၊ သက်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေရန်နှင့် နယ်စပ်ဖြတ်ကျော် သားကောင်ဖြစ်ရသူများ ပြန်လည်ပို့ဆောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် KNU ဆက်လက် သန္နိဋ္ဌာန်ချထားကြောင်း သိရှိရသည်။

KNU အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လိုကြောင်း၊ ယင်းတွင် Scam Center Strike Force၊ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့နှင့် သတင်းအချက်အလက် မျှဝေခြင်း၊ လူကုန်ကူးမှုနှင့် ဆိုင်ဘာလိမ်လည်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ သားကောင်ဖြစ်ရသူများကို ခွဲခြားသတ်မှတ်ခြင်းနှင့် ဖြိုခွင်းရေးလုပ်ငန်းစဉ်များတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်သည်ဟု ပဒိုစောတောနီးက ရှင်းလင်းပြောဆိုသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် လူကုန်ကူးမှု ဆန့်ကျင်ရေး ကွန်ရက်များနှင့်လည်း ဆက်ဆံရေး အားကောင်းလာစေရန် တောင်းဆိုပြီး သားကောင်များကို ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိသော နေရပ်ပြန်ပို့ခြင်း လုပ်ငန်းများကို KNU နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုထားသည်။

နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း ကွန်ရက်များသည် သီးခြားဖြစ်တည်နေသည့် ရာဇ၀တ်မှုဆိုင်ရာ လုပ် ငန်းများမဟုတ်ဘဲ ပဋိပက္ခများ၊ အုပ်ချုပ်ရေးအားနည်းမှုများနှင့် လက်နက်ကိုင်များ၏ အကာ အကွယ် ပေးမှုများကြောင့် ဖြစ်ပေါ်လာသည့် ပိုမိုကျယ်ပြန့်သော ခေါင်းပုံဖြတ်စနစ်၏ အစိတ်အပိုင်းများဖြစ် ကြောင်း၊ KNU အနေဖြင့် တာဝန်သိစွာနှင့် ပြတ်သားစွာ လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားသော်လည်း အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုများ ရရှိရန်မှာ ဟန်ချက်ညီပြီး ရေရှည်တည်တံ့သော၊ မူဝါဒအခြေခံသော နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် မူတည်နေကြောင်း KNU ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article