30 C
Yangon

အီရန်စစ်ပွဲနှင့်အရှေ့အလယ်ပိုင်းအရေးကြောင့် မြန်မာ့အရေးကို လျစ်လျူမရှုဘဲ မျက်ခြေမပြတ်ရန် အမေရိကန်အစိုးရကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူးဦးရယ်က မေတ္တာရပ်ခံ

Must read

ရန်ကုန်၊ ဧပြီ ၁၆

အရှေ့အလယ်ပိုင်းဒေသရှိ အီရန်စစ်ပွဲနှင့် အခြားသော နိုင်ငံတကာဦးစားပေးကိစ္စရပ်များကြောင့် အမေရိကန်ပြည်ထောင်စုအနေ ဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ကို နားလည်သော်လည်း မြန်မာ့အရေးကို လျစ်လျူမရှုဘဲ ဆက်လက်မျက်ခြေမပြတ် စောင့် ကြည့်ကူညီပေးရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူးဦးရယ်က အမေရိကန်အစိုးရကို မေတ္တာရပ်ခံလိုက်သည်။

ဧပြီလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ Dirksen လွှတ်တော်ရုံးအဆောက် အအုံတွင် ပြုလုပ်သော မြန်မာသုတေသနအင်စတီကျု (Burma Research Institute) ၏ ၇ ကြိမ်မြောက် မြန်မာ့အရေး လွှတ်တော်တွင်း ရှင်းလင်းပွဲတွင် ခူးဦးရယ်က အွန်လိုင်းမှတစ်ဆင့် အဖွင့်အမှာစကားပြောကြားရင်း ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့အလယ်ပိုင်း၊ အထူးသဖြင့် အီရန်ကဲ့သို့သော အခြားအရေးကြီးသည့် နိုင်ငံတကာဦးစားပေးကိစ္စရပ်များနှင့် ရင်ဆိုင်နေရသည်ကို ကျွန်တော် နားလည်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံကို မျက်ခြေမပြတ်ကြရန် ကျွန်တော် မေတ္တာရပ်ခံပါသည်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌလည်းဖြစ်သူ ခူးဦးရယ်က ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲများအပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းသည် ဒီမိုကရေစီနည်းကျ တရားဝင်မှု လုံးဝမရှိကြောင်း၊ ၎င်းကို ဂုဏ်ပြုခဲ့ကြသည့် တရုတ်နှင့် ရုရှားတို့မှာ စစ်ကောင်စီ၏ အဓိကကျော ထောက်နောက်ခံများသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

မင်းအောင်လှိုင်အစိုးရသည် အရပ်ဝတ်လဲထားသော စစ်အုပ်စုသာဖြစ်ပြီး ၎င်းတို့၏ အာဏာတည်မြဲရေး ကြိုးပမ်းမှုများသည် အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို တိုက်ရိုက်ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း သူက သတိပေးသည်။

မြန်မာပြည်သူများအပေါ် မူဝါဒခိုင်ခိုင်မာမာဖြင့် ပံ့ပိုးပေးနေသော အမေရိကန်လွှတ်တော်နှင့် ထရမ့် (Trump) အစိုးရအဖွဲ့ကို ကျေးဇူးတင်ရှိကြောင်း၊ မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးယန္တရားကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းအား ဆက်လက်ဆုပ်ကိုင်ထားရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အမေရိကန်က လျာထားသော အကူအညီ ဒေါ်လာ ၁၂၁ သန်းအတွက် ကျေးဇူးတင်ရှိပြီး ၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ယင်းကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန်နှင့် တိုးမြှင့်ပေးရန် ပန်ကြားခဲ့သည်။

မြန်မာပြည်သူများသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်အောက်တွင် ခံစားနေရကြောင်း၊ လက်ရှိတွင်လည်း စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ နေရာများကို တိုက်ခိုက်ခြင်းများကို အပြစ်ပေးခံရခြင်းမရှိဘဲ လုပ်ဆောင်နေကြောင်း ၎င်းက ထောက်ပြသည်။

အထူးသဖြင့် ကရင်နီပြည်တွင် ခရစ်ယာန်ဘုရားကျောင်းများ ဖျက်ဆီးခံရခြင်းနှင့် လူ့အဖွဲ့အစည်းများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းများသည် အလှမ်းဝေးသော ကိန်းဂဏန်းများမဟုတ်ဘဲ ပြည်သူများ နေ့စဉ်ရင်ဆိုင်နေရသော လက်တွေ့ဘဝများဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မြန်မာ့အရေးတွင် နိုင်ငံရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များတွင် NUG၊ CRPH နှင့် KNPP အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုတို့ ပူးပေါင်း၍ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (SCEF) ကို မကြာသေးမီက ဖွဲ့စည်းခဲ့ကြောင်း ခူးဦးရယ်က အသိပေးခဲ့သည်။

ယင်းကောင်စီသည် အဆင့်တိုင်းရှိ ခေါင်းဆောင်မှုများကို ပေါင်းစည်းရန်နှင့် ၁၉၄၈ ခုနှစ်ကတည်းက မဖြေရှင်းနိုင်ခဲ့သော နိုင်ငံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်သစ်ဆီသို့ တက်လှမ်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများအားလုံးသည် စစ်အုပ်စုကို ဖြုတ်ချရန်နှင့် အားလုံးကိုယ်စားပြုခွင့်ရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားကြောင်းနှင့် အမေရိကန်လွှတ်တော်နှင့် အစိုးရအဖွဲ့အနေဖြင့်လည်း ထိုမျှော်မှန်းချက်ဆီသို့ ဆက်လက်လက်တွဲ လုပ်ဆောင်ပေးရန် သူက တောင်းဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article