ရန်ကုန်၊ ဧပြီ ၁၆
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက SCEF ကောင်စီကို အသိအမှတ်ပြုပြီး အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် ဟန်ပြအစိုးရကို လုံးဝလက်မခံရန် ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ဂျပန်အစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုသာ အသိအမှတ်ပြုပြီး ထောက်ခံအားပေးရန်နှင့် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် ဟန်ပြအစိုးရကို လုံးဝလက်မခံရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံကိုလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အချက် ၅ ချက်ပါ တောင်းဆိုစာကို ပေးအပ်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်း တောင်းဆိုစာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြု ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ပေးပါရန် ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးဖို့ စစ်တပ်ကို ဖိအားပေးပေးပါရန်၊ ကျားမ မရွေး ကလေးသူငယ်ပါမကျန် ဗုံးကျဲ ၊ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်အကြမ်းဖက်ခြင်းကို ထပ်ခါထပ်ခါပြုလုပ်နေတဲ့ အကြမ်းဖက် စစ်တပ် ၊ စစ်တပ်၏ဒေါက်တိုင်များ၊ ဦးပိုင်ကုမ္ပဏီနှင့် စစ်တပ်ဆက်စပ်ကုမ္ပဏီလုပ်ငန်းများကို စီပွားရေးအရ ပိတ်ဆို့အရေးယူပေးပါရန်၊ ၃.၇ သန်းကျော်အထိ တိုးပွါးများပြားလာနေတဲ့ စစ်ဘေးရှောင်များကို ကူညီပေးပါရန်၊ အမှန်တရားနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးပါရန် စသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် အဆက်အသွယ်မရသည့်အပေါ် အလွန်စိုးရိမ်ပူပန်နေ၍ ဂျပန်အစိုးရအနေဖြင့် ကူညီပေးရန် ၊ SCEF ကို အပြည့်အဝ ထောက်ခံ အားပေးကူညီရန်၊ ဆာဆာဂါဝါ မြန်မာသို့ ပြည်သွားရောက်ပြီး အကြမ်းဖက် မင်းအောင်လှိုင် သမ္မတကျမ်းကျိန်ပွဲတက်ရောက်ခြင်းနှင့် မြန်မာ့အရေး၊ တိုင်းရင်းသားများအကြား ဝင်ရောက်နှောက်ယှက်မည်ကို စိုးရိမ်ကြောင်းနှင့် ဂျပန်အစိုးရအနေဖြင့် ဆာဆာဂါဝါ လမ်းကြောင်းကိုမသုံးရန်၊ ၎င်တဆင့် မြန်မာ့အရေးတွင် မပါဝင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။






