34 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် အကြမ်းဖက်စစ်တပ်က KNU ဆေးရုံကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်စဉ် ထိုင်းနိုင်ငံအတွင်းသို့ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲ၊ မြ၀တီမြို့နယ်တွင်လည်း တိုက်ပွဲ ပြင်းထန်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၀

ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်အနီး မြန်မာဘက်အခြမ်းရှိ KNU ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိုင်း Khaosod သတင်းဌာနက သတင်းဖော်ပြသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြန်မာစစ်တပ်၏ Yak-130 နှင့် MiG-29 တိုက် လေယာဉ်များက ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်အနီး၊ မြန်မာဘက်အခြမ်းရှိ KNU ဆေးရုံကို ဗုံးကျဲချခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် ဗုံး ၉ လုံးခန့် ကျဲချခဲ့ရာ ဗုံး ၁ လုံးမှာ ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဆမ်လက်ပ်ကျေးရွာအနီး သံလွင်မြစ်ကမ်းဘေးသို့ ကျရောက်ခဲ့သဖြင့် ထိုင်းဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က ဗုံးကျဲသော KNU ဆေးရုံမှာ ထိုင်းနိုင်ငံ၊ မယ်စရီယန်းခရိုင်၊ မယ်ဆမ်လက်ပ် (Mae Sam Laep) ကျေးရွာ၏ တစ်ဖက်ကမ်း၊ နယ်စပ်မှ မီတာ ၅၀၀ ခန့်သာ ကွာဝေးသည့် နေရာဖြစ်သည်။

ထိုင်းလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗုံး ၉ လုံးခန့် ကြဲချခဲ့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုစာရင်းကိုမူ ရှင်းလင်းစွာ မသိရသေးကြောင်း၊ သို့သော် ဗုံးတစ်လုံးမှာ မယ်ဆမ်လက်ပ်ရှိ သံလွင်မြစ်ကမ်းဘေး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့သဖြင့် ဒေသခံများမှာ ထိတ်လန့်တကြား ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း သိရှိရသည်။

အလားတူ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၏ တစ်ဖက်ကမ်း မြဝတီမြို့နယ်အတွင်းရှိ KNU အခြေစိုက်စခန်းများကိုလည်း မြန်မာစစ်တပ်၏ ခြေလျင်တပ်မ ၂၂ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း သိရသည်။

မိုးရာသီမကျရောက်မီ နယ်မြေစိုးမိုးမှုရရှိရန် အထက်မှ အမိန့်ပေးထားသည့်အတွက် မြန်မာစစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းနှင့် ဒရုန်းများကိုပါ အသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

သို့သော်လည်း KNU တပ်ဖွဲ့များ၏ အခိုင်အမာ ခုခံမှုကြောင့် ထိုးစစ်ဆင်သည့် မြန်မာစစ်တပ်ဘက်မှ အကျအဆုံး ပိုမိုများပြားနေကြောင်း KNU သတင်းရင်းမြစ်များက ဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေပြီး မြဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ၂ ကိုလည်း မြန်မာအာဏာပိုင်များဘက်က ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသဖြင့် ပုံမှန်ကုန်သွယ်မှုများ ကြန့်ကြာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article