35 C
Yangon

အာဆီယံအဖွဲ့က လူမှုကွန်ရက်မှ သတင်းအမှားများအပေါ် အခြေခံ၍ ဖိအားပေးနေဟု မင်းအောင်လှိုင် ညည်းတွား၊ အာဆီယံအဖွဲ့၏ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းရန် မင်းအောင်လှိုင် ပြော

Must read

ရန်ကုန်၊ ဧပြီ ၂၂

အာဆီယံအဖွဲ့၏ အသိအမှတ်ပြုမှု ပြန်လည်ရရှိရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟု မင်းအောင်လှိုင်က ပြောကြားလိုက်သော်လည်း တစ်ဖက်တွင်မူ အာဆီယံအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ သတင်းအမှားများကို အခြေခံကာ မိမိတို့အပေါ် ဖိအားပေးနေသည်ဟု ညည်းတွား ဝေဖန်လိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ညဉ်းတွားလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ၎င်းအနေဖြင့် သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက် ကျမ်းသစ္စာကျိန်ဆိုစဉ်ကတည်းက အာဆီယံနှင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့ဖူးကြောင်း၊ လက်ရှိတွင်လည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်၌ ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် ပြောကြားသည်။

သို့သော်လည်း အာဆီယံအဖွဲ့အတွင်းမှ အချို့သော ဖိအားပေးမှုများသည် လူမှုကွန်ရက်တွင် ဖော်ပြထားသည့် မှားယွင်းသော သတင်းအချက်အလက်များကို အခြေခံနေခြင်းဖြစ်ကြောင်း ၎င်းက ညည်းတွားပြောဆိုသည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်အချို့သည် ဘုံသဘောတူညီချက်များကို ပြင်ဆင်လိုသည့် ဆန္ဒရှိနေကြသဖြင့် အဖွဲ့အတွင်း အသိအမှတ်ပြုမှု ပြန်လည်ရရှိရေးနှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားရမည်ဟု သူက ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း အာဆီယံနိုင်ငံအချို့သည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအပေါ် အပြုသဘောဆောင်သည့် ရှုမြင်သုံးသပ်ချက်များ ရှိလာနေပြီဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများမှတစ်ဆင့် ဆက်ဆံရေး ပြန်လည်တိုးတက်လာနိုင်မည့် အခြေအနေများရှိသည်ဟု ဆိုသည်။

မင်းအောင်လှိုင်ကမူ ၎င်းတို့အနေဖြင့် အာဆီယံ၏ အသိအမှတ်ပြုမှုကို လိုလားနေပြီး အဖွဲ့အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကာလုံအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပြောကြားသွားခဲ့သည်။

အာဆီယံအဖွဲ့ကြီးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်၍ စစ်ခေါင်း ဆောင် မင်းအောင်လှိုင် အပါအဝင် နိုင်ငံရေးရာထူးရယူထားသူများကို အာဆီယံထိပ်သီး အစည်း အဝေး တက်ခွင့်မပြုဘဲ ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်အထိ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article