30.9 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH တို့ကို လမ်းလျှောက်ရင်း လမ်းပျောက်နေသူများဟု အကြမ်းဖက်စစ်တပ်က ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH တို့ကို လမ်းလျှောက်ရင်း လမ်းပျောက်နေသူများဟု အကြမ်းဖက်စစ်တပ်က ဝေဖန်ပြောဆိုလိုက်သည်။

ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် PDF များကို အလင်းဝင်ရန် ဖိတ်ခေါ်သော ကြေညာချက်တွင် အကြမ်းဖက်စစ်တပ်က NUG နှင့် CRPH မှာလမ်းလျှောက်ရင်း လမ်းပျောက်နေသူများက ပြောဆိုလာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ ကြေညာချက်တွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်ပြီး ပြည်ပသို့ ထွက်ပြေးသွားကြသူများသည် ဥပဒေကြောင်းအရ အခြေခံမရှိဘဲ CRPH နှင့် NUG တို့ကို တရားမဝင် ဖွဲ့စည်းခဲ့ကြကာ PDF အမည်ခံအဖွဲ့များကို အသုံးပြု၍ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ထို့ပြင် CRPH နှင့် NUG တို့သည် နိုင်ငံရေးအရ ခိုင်မာသည့် ရပ်တည်ချက်မရှိဘဲ ရှေ့နောက်မညီသည့် ထုတ်ပြန်ချက်များ ပြုလုပ်နေကြောင်း ၊ဥပဒေကြောင်းအရ CRPH က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သော်လည်း တစ်ဖက်တွင်မူ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တက်လာသည့် တရားဝင်အစိုးရဟု ဆိုနေခြင်းမှာ ကွဲလွဲနေကြောင်း အကြမ်းဖက် စစ်တပ်က ဆိုသည်။

အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်သွားပြီဆိုပါက ယင်းဥပဒေအရ ရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ် စားလှယ်များမှာလည်း အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သဖြင့် CRPH နှင့် NUG တို့သည်လည်း တည်ရှိနေနိုင်တော့မည်မဟုတ်ကြောင်း၊ သို့သော် ၎င်းတို့သည် တရားဝင်တည်ရှိနေသည်ဟု ဆိုပြန်လျှင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိ အမှတ်ပြုနေခြင်းပင်ဖြစ်ရာ ယင်းမှာ လမ်းလျှောက်ရင်း လမ်းပျောက်နေသည့် သဏ္ဌာန်ဖြစ်နေကြောင်း အကြမ်းဖက်စစ်တပ်က ထုတ်ပြန်သည်။

ထို့အပြင် ရွေးကောက်ပွဲအစိုးရဟု ဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် အစိုးရသက်တမ်းမှာ ကုန်ဆုံးသွားပြီဖြစ်သဖြင့် မည်သို့ပင် တရားဝင်သည်ဟု ပြောဆိုနေစေကာမူ လက်တွေ့တွင် သက်တမ်းကုန်ဆုံးသွားသည့် အဖွဲ့အစည်းများသာ ဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်က ဆက်လက် ဝေဖန်ထားသည်။

အကြမ်းဖက်စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ-EAO ကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း NUG၊ CRPH နှင့် PDF များကို ဖိတ်ခေါ်ခြင်းမပြုဘဲ လက်နက်ချ အလင်းဝင်ရန်သာ ထုတ်ပြန်ပြောဆိုနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article