32 C
Yangon

နေပြည်တော်၊ လယ်ဝေးရှိ စစ်တပ်၏ ခမရ ၄၁၁ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ မြေပြင်မှ စစ်ကြောင်းထိုးနေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၂၆

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၁၁ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဗုံးကျဲပြီး မြေပြင်မှ စစ်ကြောင်းထိုးနေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့တွင် လယ်ဝေးမြို့နယ်ရှိ အောင်ချမ်းသာရွာသစ်ဘုန်းကြီးကျောင်းအတွင်း စခန်းထိုင်တပ်ဆွဲထားသော ခမရ ၄၁၁ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က သံတောင်မြောက်ပိုင်းဒေသရှိ ကျေးရွာများကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ နေ့စဉ် ကျဲချ တိုက်ခိုက်နေပြီး မြေပြင်မှလည်း အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် မြေပြင်မှလည်း စစ်ကြောင်းများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“လက်ရှိမှာစစ်ခွေးတွေဘက်က အင်အားက နေရာစုံဖြည့်ပြီး ပင်မစစ်ကြောင်းကတော့ ရေနီကနေ သံတောင်မြောက်ပိုင်းထဲ အထိ တိုးလာတယ်။ လေကြောင်းနဲ့လည်း ဗုံးကျဲ တိုက်ခိုက်တာ နေ့တိုင်းနီးပါးကို လုပ်နေတယ်။ ပေါင် ၅၀၀ ဗုံးတွေပဲ ဆက်တိုက်ကို ကျဲချ နေတာ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတယ်။ အခုက ရွာလုံးကျွတ် နီးပါးကို တိမ်းရှောင်နေရတာဆိုတော့ ဘယ်နှဦး ထိခိုက်သေဆုံးတယ်ဆိုတာ အတည်ပြုဖို့ခက်နေတယ်” ဟု ဒေသသတင်းရင်းမြစ်ကပြောဆိုသည်။

စစ်တပ်၏ ခမရ ၄၁၁ ပူးပေါင်းတပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ထွန်းထွန်းလင်း အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးကာ MA အမျိုးအစား သေနတ် ၄ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နေပြည်တော်နှင့်အစပ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်းရှိ ဘုံတောင်ကျေးရွာကို စစ်ကောင်စီမှ လေယာဉ် ၃ စီးဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဘာတိုက်ပွဲမှမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ကလေးရော လူကြီးရော အပါအဝင် ၁၂ ယောက် သေဆုံးသွားပါတယ်။ လုပ်အားပေးလုပ်ဖို့ လူစုနေတဲ့နေရာကို ကျဲချသွားတာပါ။ မိန်းကလေးငယ်တစ်ဦးလည်း ခေါင်းပြတ်ပြီး သေဆုံးသွားတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးရှိသည့်အပြင် ပေါင်ရိုးကျိုးသွားသူတစ်ဦး အပါအဝင် ဒေသခံ ၃ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းဒဏ်ရာရရှိသူ ၁ ဦးမှာ ထပ်မံသေဆုံးသွားကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ ကျေးရွာအတွင်း ပြည်သူများ ပြန်လည် မဝင်ရောက်ရဲသေးကြောင်း သိရှိရသည်။

“နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို အခုထိ ပြန်မယူရသေးရဲကြပါဘူး။ ရွာသူရွာသားတွေ၊ ကလေးတွေရော အကုန် စစ်ဘေးရှောင်နေရပါတယ်။ အခုလက်ရှိလည်း ရွာထဲကို ဘယ်သူမှ မပြန်လာရဲကြသေးဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရွာသူရွာသားများနှင့် ကလေးငယ်များအားလုံးသည် လက်ရှိတွင် အသက်ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး အဆက်အသွယ်များလည်း ပြတ်တောက်နေကြောင်း၊ ယနေ့တွင်လည်း ကျေးရွာ၏ အောက်ဘက်ပိုင်း၌ တိုက်ပွဲအချို့ ဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဘုံတောင်ရွာသားများမှာ ဘေးလွတ်ရာတွင် ခိုလှုံနေကြရပြီး အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article