ရန်ကုန်၊ ဧပြီ ၂၉
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် တံငါသည် လူငယ်မောင်မိုးဝေယံသည် ညပိုင်း ဂဏန်းပိုက်ချနေစဉ် မိကျောင်းကိုက်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့ ည ၇ နာရီအချိန် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းရှိ အမဲချောင်းအတွင်း အသက် ၁၈ နှစ်အရွယ် လူငယ် မောင်မိုးဝေယံက လှေဖြင့် ကဏန်းပိုက်ချနေစဉ် အလျား ၁၅ ပေခန့်ရှိသော မိကျောင်းတစ်ကောင်က ရေထဲမှ လှမ်းကိုက်ရာ လှေနံရံကို ထိမှန်ပြီး လှေလူးသွားသဖြင့် ၎င်းလူငယ်မှာ ရေထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ထိုသို့ ပြုတ်ကျသွားစဉ် မိကျောင်းက လူငယ်ကို ကိုက်ချီဆွဲသွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဒေသခံရွာသူရွာသားများက မိကျောင်းဆွဲသွားသည့် မောင်မိုးဝေယံကို ဝိုင်းဝန်းရှာဖွေကြရာ တစ်နာရီခန့်အကြာတွင် ချောင်းအတွင်း၌ပင် လူငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ မိကျောင်းကိုက်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သော ၎င်းလူငယ်၏ အလောင်းကို စက်ဆန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ဒီအချိန်က ဧပြီလက ဇွန်လအထိက မိကျောင်း မိတ်လိုက်ရာသီအချိန်။ အဲဒီအချိန်ဆိုရင် မိကျောင်းတွေက ရန်ပြုတတ်တယ်။ ကုန်းပေါ်တက်လာတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဘိုကလေးမြို့နယ်အတွင်း၌ မိကျောင်းအန္တရာယ်မှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခင်ကလည်း အလားတူဖြစ်ရပ်များစွာ ရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း လှေလုံးကွဲကျေးရွာမှ အမျိုးသားနှစ်ဦး ချောင်းထဲ၌ ရေကူးစဉ် မိကျောင်းကိုက်ခံရ၍ သေဆုံးခဲ့သည်။၂၀၂၄ ခုနှစ်၊ မေလအတွင်းကလည်း ရွာသာအေးကျေးရွာတွင် ချောင်းအတွင်း ရေချိုးသည့် အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ၍ ဒဏ်ရာရရှိခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း မိကျောင်းဆွဲခံရမှုကြောင့် သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၃ ဦးအထိ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ကဒုံကနိကျေးရွာအုပ်စု၌ လှေဆိပ်တံတားမှ လှေပေါ်အတက်တွင် မိကျောင်းဆွဲခံရမှု အပါအဝင် စုစုပေါင်းပြည်သူ ၃ ဦး မိကျောင်းကိုက်ခံခဲ့ရသည်။
ဘိုကလေးမြို့နယ်တွင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်းနှင့် ပျဉ်ဒရယ်ကြိုးဝိုင်း စသည့် ဒီရေတော များရှိရာ မိကျောင်းများသည် ဧပြီလမှ ဇွန်လအထိ ကာလမှာ ၎င်းတို့၏ မိတ်လိုက်ရာသီအတွင်း ပိုမိုကြမ်းတမ်းလာကာ လူကို ရန်ပြုတတ်သည့်အတွက် ဒေသခံများအနေဖြင့် အထူးသတိပြုနေထိုင်ကြရကြောင်း သိရှိရသည်။





