ရန်ကုန်၊ ဧပြီ ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် တပ်မ-၁၀၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကား ၁ စီး၊ သေနတ် ၅ လက်နှင့် ခဲယမ်းပစ္စည်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း ပခုက္ကူခရိုင်စစ်ဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၄ ရက်နေ့တွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းထံသို့ အလင်းဝင်ရောက်လာကြောင်း၊ ထိုအလင်းဝင်ရောက်သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် Crown အမျိုးအစား ကား ၁ စီး ၊ MA1 သေနတ် ၁ လက် ၊ MA2 သေနတ် ၁ လက် ၊ MA3 သေ နတ် ၂ လက် ၊ MA4 သေနတ် ၁ လက် ၊ ၅.၅၆ ကျည် ၈၁၆ တောင့် ၊ MA ကျည်ဘောက် ၂၄ ဘောက်နှင့် အခြားပစ္စည်းများ ယူဆောင်လာကာ အလင်းဝင်ရောက်၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
“အလင်းဝင်တပ်သား ၅ ဦးဟာ ကား ၁ စီး၊ သေနတ် ၅ လက်၊ ကျည်ဘောက် ၂၄ ခု၊ ကျည်ဆံ ၈၁၆ တောင့်တိုကို ယူလာပြီးတော့ ဧပြီ ၁၄ ရက်မှာ ဘက်ပြောင်းခိုလှုံခဲ့တာပါ။ လက်နက်ခဲယမ်းနဲ့ ကား ၁ စီးအပါယူပြီး အလင်းဝင်လာတဲ့ တပ်သား ၅ ဦးကို လုံခြုံစွာ စောင့်ရှောက်ပေးထားပြီး၊ ထိုက်တန်တဲ့ ဆုကြေး ချီးမြှင့်ပေးသွားပြီးဖြစ်ပါတယ်”ဟု ပခုက္ကူခရိုင်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၂၂ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ အရှေ့မန်ကျည်းကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ မူးယစ်ဆေးသုံးစွဲပြီးထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဒေါင်းညီနောင် PKU Local PDF တပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ စစ်သားမှာ ၂၀၂၅ ခုနှစ်၊ အောက် တိုဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှ ပေါ်တာဆွဲခံရသော စစ်မှုထမ်းစစ်သားဖြစ်ပြီး ၎င်းထံမှ MA1 သေနတ် ၁လက်၊ ကျည်ဘောက်၂ဘောက်နဲ့ 5.5.6ကျည် ၆၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါင်းညီနောင် PKU Local PDF က မောင်းသတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုထားသည်။
အဆိုပါ စစ်မှုထမ်းတပ်သားကို ဒေါင်းညီနောင် PKU Local PDFက စစ်သုံ့ပန်း ဥပဒေနှင့်အညီထိန်းသိမ်းထားကြောင်း သိရှိရသည်။
ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ် သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၃၀ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၀၅၅ ဦးထိရှိလာပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။






