ရန်ကုန်၊ ဧပြီ ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းမှ ဆေးကြောင်းပြီး ထွက်လာသော စစ်သား ၁ ဦး သေနတ် ၁ လက်နှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း ဒေါင်းညီနောင် ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဦးကုလားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော တပ်မ ၁၀၁ တပ်ရင်းမှ စစ်သား ၁ ဦးသည် ဆေးကြောင်ပြီး စစ်ကြောင်းမှ ထွက်လာစဉ် အင်ပင်ကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထို စစ်သားထံမှ MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၆၅ တောင့်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အရှင်ဖမ်းဆီးရမိသော စစ်သားသည် ပင်းတယမြို့တွင် နေထိုင်သူဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် ၉ လပိုင်းတွင် ၎င်းနေအိမ်ထဲထိ ဝင်ရောက်စီးနင်းပြီး ကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ရပ်စောက်မြို့ ဗထူးတပ်တွင် စစ်သင်တန်း ၃ လခွဲ တက်ရောက်ခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁၇ သင်တန်းဆင်းလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ သင်တန်းဆင်းလာပြီးနောက် ပခုက္ကူမြို့ တမ်မ ၁၀၁ သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပခုက္ကူ တပ်မ ၁၀၁ ကနေ အရှေ့မကျည်းကန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတပ်မှ သူက လိုက်လာတာ ဆေးကြောင်ပြီး စစ်ကြောင်းကနေ ထွက်လာတာလို့ သိရတယ်။ သူ့ကို ဖမ်းမိတာက အင်ပင်ကျေးရွာမှာ ဖမ်းဆီးရမိတာ သူ့ကိုဖမ်းမိတော့ ကျနော်တို့ PDF ရဲဘော်တွေကို သူ့လူတွေလို့ ထင်ပြီး အေးအေးဆေးဆေးတောင် စကားလာပြောသေးတာ ပြန်လည် ခုခံတာတော့မရှိပါဘူး။ လက်ရှိမှာ အချုပ်ချထားတယ်။ စစ်သုံ့ပန်း ဥပဒေနဲ့ အညီအရေးယူသွားမှာပါ” ဟု ဒေါင်းညီနောင်ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးကုလားကပြောဆိုသည်။




