ရန်ကုန်၊ မေ ၄
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ချင်းတော်လှန်ရေးတပ်များ ယာယီဆုတ်ခွာပေးလိုက်ရသော်လည်း ပိုမိုအင်အားကြီးမားသည့် စုဖွဲ့မှုဖြင့် ပြန်လာမည်ဖြစ်ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောဆိုသည်။
မေ ၂ ရက်နေ့တွင် ပြုလုပ်သည့် ချင်းညီနောင် (CB) အတွက် ရန်ပုံငွေရှာဖွေပွဲ ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်တွင် ၎င်းက အသိပေးထားခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၅ အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် – တပ်မ ၇၇ လက် အောက်ခံ ခလရ ၇၇၁ တပ်ရင်းမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လွှမ်းမိုးနိုင်ဦးစီးသည့် သိုင်းငင်း – ခွန်းလီဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ တပ်မ ၇၇ လက်အောက်ခံ ၊ ခလရ ၇၇၂ မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းထွန်း ဦးစီးသည့် ကလေး-ဗန်သဲ-သိုင်းဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ တပ်မ ၇၇ လက်အောက်ခံ ခလရ ၇၇၃ မှ ဗိုလ်မှူးကြီးလှမျိုးထွဋ် ဦးစီးသည့် ကလေး-သိုင်းငင်း-ဖလမ်း လမ်းမကြီးအတိုင်း စစ်ကြောင်းတစ်ကြောင်းနှင့် တပ်မ ၇၇ ၊ တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီး နေဝင်း ဦးစီးသည့် ကလေး- ဆုန်ဆွမ်းဘက်မှ စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် အင်အားထောင်ချီ အသုံးပြုကာ ယခု ၂၀၂၀၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့သည်။
အကြမ်းဖက်စစ်တပ်၏ ထောင်ချီအင်အားသုံး စစ်ကြောင်းထိုးမှုကြောင့် ဖလမ်းမြို့မှ တော်လှန်ရေးတပ်များ ယာယီဆုတ်ခွာလိုက်ရသော်လည်း ယင်းသို့ ဆုတ်ခွာရမှုမှာ တော်လှန်ရေး အဆုံးအဖြတ်မဟုတ်ကြောင်း၊ ခွာစစ်သဘောမျိုးဖြစ်ပြီး ယခင်ထက် ပိုမိုကြီးမားသော အင်အားဖြင့် ပြန်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ ဖလမ်းမြို့ကြီး ကျသွားလို့ တော်လှန်ရေးကြီး နစ်နာသွားသလားလို့ ပြောရင်တော့ နစ်နာတဲ့အပိုင်းတော့ရှိချင်ရှိပေမယ့်လည်း ဒီဟာက ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။ ဖလမ်းမြို့ကို သိမ်းတာက တော်လှန်ရေးအနိုင်ရတဲ့ ဆုံးဖြတ်ချက်သာဖြစ်မယ်ဆိုရင် ကျနော်တို့ သိမ်းတဲ့အချိန်မှာ တော်လှန်ရေးကပြီးနေလောက်ပြီပေါ့လေ။ အဲဒါက အဆုံးအဖြတ်မဟုတ်ပါဘူး။ လောလောဆယ် ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေကို ခဏလေးအတွင်းပဲ သူတို့ကို ပေးတဲ့အခြေအနေမှာရှိပါတယ်။ စစ်စကားနဲ့တော့ ခွာစစ်လုပ်တဲ့သဘောပေါ့၊ ကျနော်တို့ ပြန်လုပ်မယ်၊ လုပ်စရာရှိတဲ့လုပ်ငန်းတွေအများကြီးရှိသေးတယ်။ ဒီထက်ကောင်းတဲ့ ဒီထက်ကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်။ ဒီဟာတွေကိုလည်း ပြင်ဆင်နေပါတယ်။” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောကြားသည်။
ဖလမ်းမြို့ခုခံကာကွယ်စစ် ၆ လတာကာလအတွင်း ချင်းညီနောင်နှင့် ချင်းလဲန့်ကောင်စီအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀၀ ကျော်သေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရရှိကာ လက်နက်၊ လက် နက်ငယ် အလက် ၂၀၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ပြောရမယ်ဆိုရင် ဒီ ၆ လ အတွင်းမှာ အင်အား ထောင်နဲ့ချီလာခဲ့တဲ့ စစ်ကြောင်းတွေကို ဖြိုနိုင်ခဲ့တဲ့ အရာတွေရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စကစဘက်က လေယာဉ်တွေရော လူအင်အားရော အလွန်အကျွံ အသာစီးသုံးတဲ့အခါမှာ ကျနော်တို့လက်လွှတ်ပေးရတဲ့ အခြေအနေမှာ ရှိတယ်။ ဒါပေမယ့် ယနေ့အချိန်အထိလည်း ဖလမ်းအနီးတဝိုက်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။” ဟု ဆလိုင်းတင်မီထွဋ်က ပြောဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် ဖလမ်းမြို့ကို သိမ်းပိုက်ပြီးပါက ဖလမ်း -ဟားခါးလမ်းပိုင်း ၊ ဖလမ်း -သိုင်းလမ်းပိုင်းနှင့် နယ်စပ်မြို့ဖြစ်သည့် ရိခေါဒါမြို့တို့ကို စိုးမိုးနိုင်ရေးအတွက်ဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်းမှ တဆင့် ထန်တလန်မြို့နယ်တစ်ခုလုံးကို စိုးမိုးနိုင်ရေး စစ်ရေးဗျူဟာချထားဖွယ်ရှိသည်ဟု ချင်းတော်လှန်ရေးတပ်များက သုံးသပ်ထားသည်။




